နေပြည်တော် ဇူလိုင် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါး ပိတ်ထားခဲ့ရပြီး ယနေ့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းကို ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့သို့ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံရေးနေ့ကို ဇူလိုင် ၂၂ ရက်မှ စတင်သတ်မှတ်ခဲ့ပြီး ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ ၇၀၅ ဦး လာရောက်အပ်နှံ၍ ပညာသင်ကြားလျက်ရှိသည်။ ကျောင်းအပ်နှံမှုအဆင်ပြေချောမွေ့စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ၊ သန့်ရှင်းသပ်ရပ်စွာနှင့် လုံခြုံစွာပညာသင်ကြားနိုင်ရေးအတွက် တပ်မတော်သားများ၊ ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် ဒေသခံမိဘပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပြီး တပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် မိုင်းရှင်းလင်းရေး၊ လုံခြုံရေးနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြသည်။
ထို့ပြင် နောင်ချိုမြို့သို့ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ ယာယီဆေးရုံဖွင့်လှစ်ပြီး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဒေသခံတိုင်းရင်းသားပြည်သူ ၁၄၇ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။