နေပြည်တော် ဇူလိုင် ၂၄
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးမင်းထွဋ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ဝန်ကြီးဌာနက ယာယီဆောက်လုပ်ထားရှိသည့် Modular House များကို သွားရောက်ကြည့်ရှုပြီး နေထိုင်ကြသည့်ဝန်ထမ်းများအား တွေ့ဆုံအားပေးသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများလုံခြုံစိတ်ချစွာဖြင့် စည်းကမ်းတကျနေထိုင်နိုင်ရေး၊ သောက်သုံးရေနှင့် မီး၊ မိလ္လာစနစ်များကောင်းမွန်ရေး၊ ကူးစက်ရောဂါများမဖြစ်ပေါ်စေရေး၊ လိုအပ်သည်ကို တာဝန်ရှိသူများက ဆောင်ရွက်ပေးရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စများအတွက် တာဝန်ခံများအဆင့်ဆင့် တာဝန်ပေး ဖွဲ့စည်းထားရှိရေးတို့ကိုမှာကြားပြီး ဝန်ထမ်းများ နေထိုင်စားသောက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် Modular House များတွင် နေထိုင်ကြသည့်ဝန်ထမ်းများအား စားဖိုဆောင်သီးနှံများနှင့် ကြက်ဥများကို ပံ့ပိုးပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်