Skip to main content

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ကော့သောင်းခရိုင်နှင့်‌ မြို့နယ်တရားရုံးအဆောက်အအုံသစ်ဖွင့်ပွဲ တက်ရောက်

နေပြည်တော် ဇူလိုင် ၂၃

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးသည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့ အောင်သုခရပ်ကွက်ရှိ ကော့သောင်းခရိုင်နှင့် မြို့နယ်တရားရုံး အဆောက်အအုံသစ်ဖွင့်ပွဲသို့ တက်ရောက်သည်။

ဖွင့်လှစ်

ဖွင့်ပွဲတွင် အဆောက်အအုံသစ်ကို ပြည်ထောင်စုတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ပြည်ထောင်စုတရားသူကြီးချုပ်က ကော့သောင်းခရိုင် တရားရုံးနှင့် ကော့သောင်းမြို့နယ်တရားရုံး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။

ယင်းနောက် နောင်ရိုးမြန်မာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာက ရုံးအဆောက်အအုံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး  ရုံးအဆောက်အအုံနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများကို တိုင်းဒေသကြီး တရားလွှတ်‌တော်တရားသူကြီးချုပ်‌‌ထံသို့ လွှဲပြောင်းပေးအပ်သည်။

ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုတရားသူကြီးချုပ်သည် အဆောက်အအုံသစ်အတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်