Skip to main content

နောင်ချိုမြို့သို့ ပြန်လည်ဝင်ရောက်လာသော ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်၊ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်ဆက်လက်လက်ခံ

နေပြည်တော် ဇူလိုင် ၂၃

တပ်မတော်က ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter - Terrorism Operation) ဆောင်ရွက်ကာ ပြန်လည်ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ ပူးပေါင်း၍ ဒေသခံပြည်သူလူထု လုံခြုံရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ ၄၂၆ ဦးတို့ကို ဆက်လက်ကျောင်းအပ်လက်ခံပေးသည်။

ထို့ပြင် ယာယီနေရပ်စွန့်ခွာနေရာမှ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူ ၁၅၅ ဦးတို့အား တပ်မတော်သားဆရာဝန်များနှင့် နယ်မြေခံဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက နောင်ချိုမြို့၊ မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်၍ အဖျားရောဂါ၊ ပိုလီယိုရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

၎င်းအပြင် နောင်ချိုမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီး အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်သားများက ဆေးရုံပတ်ဝန်းကျင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော်ပေးခြင်း စသည့်စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။