နေပြည်တော် ဇူလိုင် ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် ရုံးတောကျေးရွာသို့ရောက်ရှိပြီး ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်အသင်းသားများ၏ လယ်မြေဧက ၂၀ တွင် နွေစပါးစိုက်ခင်းများ ရိတ်သိမ်းခြွေလှေ့နေမှုကို ကြည့်ရှုအားပေးသည်။
ဆွေးနွေးပြောကြား
ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက ရုံးတောကျေးရွာသည် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကိုအခြေခံသည့် ကျေးရွာဖြစ်သည့်အတွက် ကျေးလက်နေတစ်မိသားစုချင်း၏ ဝင်ငွေတိုးပွားရေး နွေစပါးအပြီး မိုးသီးနှံများ စိုက်ပျိုးနိုင်ရေး၊ မိုးသီးနှံပြီးပါက ဆောင်းသီးနှံများ သီးထပ်သုံးသီး စိုက်ပျိုးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ သတ်မှတ်ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အမှန်တကယ်ကြိုးပမ်းဆောင်ရွက်ရမည်မှာ တောင်သူများ၏ တာဝန်တစ်ရပ်ပင်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုံးတောကျေးရွာ၌ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနကဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပြီး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားသော စက်ချုပ်လုပ်ငန်းဆောင်ရွက်နေသူ သင်တန်းသူများ၏ စက်ချုပ်ဆိုင်လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများစဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောအရင်းအနှီးများ ထောက်ပံ့ပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်က လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် လယ်ဝေးမြို့နယ် ဥယျာဉ်စုကျေးရွာရှိ တောင်သူ ၁၀၀ တို့၏ စိုက်ပျိုးမြေဧက ၁၅၀ ကျော်ကို အကျိုးပြုပေးနိုင်မည့် ဥယျာဉ်စုကျေးရွာ ကုန်ထုတ်လမ်းတံတားဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ရောက်ရှိကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ကျေးရွာလမ်းကော်မတီဝင်များ၊ ဒေသခံပြည်သူအားလုံးက လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း၊ ကျေးရွာတောင်သူများကိုယ်တိုင်က မိမိတို့ကိုယ်တိုင်နှင့် မိမိတို့ကျေးရွာဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်လိုသည့်စိတ်များ မွေးမြူကြရမည်ဖြစ်ပြီး မိမိအကျိုး၊ အများအကျိုး၊ ရပ်ရွာအကျိုးအတွက် သမဝါယမစနစ်နှင့်အညီ စိတ်တူကိုယ်တူ ဆန္ဒတူသူများစုပေါင်း၍ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရှိရမည်ဖြစ်သလို သတ်မှတ်စည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးမှာကြားကာ ကျေးရွာနေပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်