ရန်ကုန် ဇူလိုင် ၂၂
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် တောင်ဒဂုံမြို့နယ်အတွင်းရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း(စိုက်မွေး)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ကျောင်းဆောင်များ၊ သင်ကြားသင်ယူမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စနစ်တကျရှိစေရေး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အခြေခံပညာအလယ်တန်းကျောင်း (မြန်မာ့သားကောင်း)နှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့သစ်ခရိုင် (ဆိပ်ကမ်း) မြို့နယ်ရှိ ကျောင်းများသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ယူနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စေရေးတို့အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ဒဂုံဆိပ်ကမ်း မြို့နယ်ယုဇနဥယျာဉ်မြို့တော်ရှိ ယုဇနအလင်း ကိုယ်ပိုင်အထက်တန်းကျောင်းသို့ သွားရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ပုဂ္ဂလိကနှင့် ကိုယ်ပိုင်ကျောင်းများအားလုံး သတ်မှတ်ထားသည့်ရက်များတွင် ကျောင်းသား ကျောင်းသူများ တန်းစီပြီး နိုင်ငံတော်အလံ အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းနှင့် မြန်မာ့ကျောင်းသီချင်းများသီဆိုခြင်းဖြင့် ကျောင်းသား ကျောင်းသူများ၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များ ရှင်သန်ထက်မြက်စေရေး၊ စည်းကမ်းကောင်းမွန်ရေး ဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်