တာချီလိတ် ဇူလိုင် ၂၂
မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ အိမ်ရှင်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ 1G1 11 Hotel ၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (TICA)မှ ညွှန်ကြားရေးမှူးချုပ် H.E Mr. Chulvat Narinthrangura ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအိမ်ရှင်အဖြစ် အပြန်အလှန်လက်ခံကျင်းပ၍ အလုပ်ရုံဆွေးနွေးပွဲများဆောင်ရွက်ခဲ့ရာ ထိုင်းနိုင်ငံတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကကျင်းပခဲ့သည့် အစည်းအဝေး၌ မြန်မာ-ထိုင်း သုံးနှစ်တာ ကျန်းမာရေးဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (၂၀၂၀-၂၀၂၂) ခုနှစ်၏ အောင်မြင်မှုများ၊ အားသာချက်၊ အားနည်းချက်များကို အခြေခံကာ ဆွေးနွေးပြောကြားခဲ့ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတိုးတက်မှုများကို သုံးသပ်ရန်နှင့် ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များဖလှယ်ရန်၊ ကျန်းမာရေးကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်း စေရန်အတွက် အရေးပါသောဆွေးနွေးပွဲဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ဆေးရုံဆေးကုသမှုဆိုင်ရာလုပ်ငန်းများ နှစ်နိုင်ငံ နယ်စပ်ဒေသများရှိ Twin Hospitals Project များ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများနှင့် နှစ်နိုင်ငံ ဆေးရုံများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် တာဝန်ခံကိုယ်စားလှယ်များသတ်မှတ်ခြင်း အစရှိသော ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ မြှင့်တင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များနှင့် ဆက်လက်လုပ်ဆောင်သွားနိုင်မည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ်၍ ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်သွားသော မန္တလေးငလျင်ကြီးကြောင့် ဘေးအန္တရာယ်ခံစားခဲ့ရသော မြန်မာပြည်သူများအားကူညီရန် ထိုင်းနိုင်ငံမှ အရေးပေါ်ဆေးကုသရေးအဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဆက်လက်ပံ့ပိုးကူညီနိုင်ရေးနှင့်ပတ်သက်၍လည်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(TICA)မှ ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး ဆက်လက်၍ အဆိုပါထိုင်းကိုယ်စားလှယ်အဖွဲ့သည် တာချီလိတ်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်လေ့လာခဲ့ကြသည်။
သတင်းစဉ်