Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး နေပြည်တော်-မန္တလေး ရထားလမ်းပိုင်းရှိ ရထားလမ်းနေရာများ၊ တံတားများနှင့် ဘူတာများ ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်မှုအခြေအနေများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်နှင့်အတူ ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ဘူတာမှ Rail Bus Engine-RBE အထူးရထားဖြင့်ထွက်ခွာခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ရှမ်းရွာဘူတာသို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဘူတာအဆောက်အအုံ ဖယ်ရှားရှင်းလင်းပြီးစီးမှု၊ ပြန်လည်တည်ဆောက်မည့် ဘူတာသစ်၏ ဒီဇိုင်းပုံစံနှင့် လက်ရှိ Modular Office တပ်ဆင်၍ ဘူတာအဖြစ် အသုံးပြုမှုအခြေအနေတို့ကို စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာစည်ဘူတာသို့ရောက်ရှိပြီး ဘူတာသစ်ကြီးတည်ဆောက်ရန် မြေနေရာရှင်းလင်းထားမှုအခြေအနေ၊ ဘူတာသစ်၏ ဒီဇိုင်းပုံစံတို့ကိုစစ်ဆေးပြီး ဘူတာအင်္ဂါရပ်နှင့်ပြည့်စုံစေရေး၊ သန့်ရှင်းသပ်ရပ်လှပစေရေးတို့အတွက် လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝမ်းတွင်းမြို့နယ်အတွင်း ယမန်နှစ်က ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် စမုံဘူတာနှင့် သပြေတောင်းဘူတာအကြားရှိ တံတားအမှတ် ၆၉၁ နေရာသို့ရောက်ရှိကာ ရေလမ်းကြောင်းထိန်းသိမ်းရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေစီးရေလာပိုမိုကောင်းမွန်စေရေး ဆက်လက်ဆောင်ရွက်ရန် လိုအပ်ချက်များကို မှာကြားသည်။

ဆက်လက်၍ သပြေတောင်းဘူတာ၌ ငလျင်ဒဏ်ခံဘူတာအဆောက်အအုံဟောင်း ဖျက်သိမ်းပြီးစီးမှု၊ မြေနေရာရှင်းလင်းထားမှုနှင့် ဘူတာသစ်၏ဒီဇိုင်းပုံစံ၊ Modular Office တပ်ဆင်၍ လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျောက်ဆည်ဘူတာသစ်အတွက် မြေနေရာရှင်းလင်းထားမှုနှင့် ဒီဇိုင်းပုံစံသစ်တို့ကိုစစ်ဆေး၍ ဘူတာသို့ အဝင်/အထွက် လမ်းများသပ်ရပ်ရေး၊ ဘူတာမျက်နှာစာသန့်ရှင်းသပ်ရပ်လှပရေး၊ ရထားစီးခရီးသည်များ အဆင်ပြေစွာ ရထားစောင့်ဆိုင်းနိုင်မည့်နေရာ လျာထားရေးတို့ကို မှာကြားသည်။

ညနေပိုင်းတွင် မန္တလေးဘူတာကြီးသို့ ရောက်ရှိပြီး မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အတူ ဘူတာကြီးယာဒ်ဝင်းအတွင်း ပျက်စီးသွားသည့် ရထားလမ်းခွဲရုံနှင့် Modular Office ဖြင့် ယာယီရထားလမ်းခွဲသည့် အချက်ပြစနစ် တပ်ဆင်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး မူလလမ်းခွဲရုံးကို အမြန်ဆုံးအကြီးစားပြန်လည်ပြင်ဆင် တည်ဆောက်ပြီးစီးစေရေး လိုအပ်ချက်များကို မှာကြားသည်။

ဇူလိုင် ၂၁ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့မီးရထား၏ လူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်)သို့ ရောက်ရှိလာပြီး ဦးစွာ တွဲသစ်ရုံအမှတ်-၃ ၌ စက်ရုံ၏ အထွေထွေမန်နေဂျာက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ကုန်သေတ္တာတင်တွဲများ တည်ဆောက်မှုအခြေအနေတို့ကိုတင်ပြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ကျွမ်းကျင်ဝန်ထမ်းများ စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ရေး၊ စက်ရုံ၏လုံခြုံရေးပိုမိုကောင်းမွန်အောင်စီမံရေး၊ ဝန်ထမ်းများ ကျန်းမာရေးနှင့် သက်သာချောင်ချိရေးကိစ္စများကို မှာကြားသည်။

ယင်းနောက် စက်ရုံအတွင်း ကုန်သေတ္တာတင်တွဲများ တည်ဆောက်နေမှု၊ DEMU ရထားတွဲတစ်တွဲ စမ်းသပ်တည်ဆောက်နေမှု၊ လူစီးတွဲနှင့် ကုန်တွဲများ အကြီးတန်းပြင်ဆင်မှု၊ ဘီးဘိုဂီအသစ်များ ထုတ်လုပ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တွဲများ၏ သက်တမ်းအလိုက် ကြံ့ခိုင်မှုပိုမိုကောင်းမွန်စေရေး၊ ပြန်လည်အသုံးမပြုနိုင်တော့သည့် တွဲဘီးဟောင်းများစီမံခန့်ခွဲရေး လိုအပ်ချက်များကို မှာကြားသည်။

ထိုမှတစ်ဆင့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မြန်မာ့မီးရထား၏ ကုန်စည်ပို့ဆောင်ရေးဌာနခွဲဝင်းသို့ ရောက်ရှိပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ယင်းနယ်မြေအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် အထပ်မြင့်အဆောက်အအုံများပေါ်၌ တပ်ဆင်ခဲ့သော အော်တိုမိုလ်ဘိုင်းတယ်လီဖုန်း စခန်းများနေရာတွင် ရွှေ့လျားမိုလ်ဘိုင်းစခန်း တာဝါတိုင်အစားထိုးတပ်ဆင်ပေးထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းမိသားစုများ၏ နေထိုင်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးသည်။

ထို့နောက် အဆိုပါမြို့နယ်အတွင်းရှိ မြန်မာ့စာတိုက်လုပ်ငန်းရုံးသို့ သွားရောက်၍ ရုံးဝင်းအတွင်း အန္တရာယ်ရှိသည့် သစ်ပင်အိုကြီးများ ရှင်းလင်းရေး၊ ဖုန်းကြိုးများ၊ အင်တာနက်ဝိုင်ဖိုင်ကြိုးများ စနစ်တကျရှိစေရေး မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဟာအောင်မြေမြို့နယ်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးရုံး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မြန်မာ့စာတိုက်လုပ်ငန်းရုံး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရုံးများသို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့်ပျက်စီးမှုများ ပြင်ဆင်ပြီးစီးမှုအခြေအနေ၊ Modular Office များ တပ်ဆင်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှု၊ Modular House များတွင် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်