တောင်ကြီး အောက်တိုဘာ ၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မန္တလေး- လားရှိုး- မူဆယ်လမ်းပေါ်ရှိ ဂုတ်တွင်း တံတားဖွင့်ပွဲကို ယနေ့မွန်းလွဲ (၁)နာရီ က အဆိုပါ တံတားတွင်ကျင်းပသည်။
ဂုတ်တွင်းတံတားဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ရှမ်းပြည်နယ် (မြောက်ပိုင်း)သည် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးနှင့် ကုန်စည်စီးဆင်းမှုအတွက် အချက်အချာကျသော ဗဟိုချက်ဖြစ်သည့်အပြင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့လည်း ဆက်သွယ်ပေးထားသည့် ပြည်နယ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ကုန်စည်စီးဆင်းမှု အဓိကကျသော မန္တလေး - လားရှိုး - မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဂုတ်တွင်းတံတားသည် ပြီးခဲ့သည့်၂၀၁၉ ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခြင်း ခံခဲ့ရပါကြောင်း၊ ဂုတ်တွင်းတံတား ပျက်စီးမှုကြောင့် ထိခိုက်နစ်နာတဲ့ ဒေသတွင်း ကူးသန်းသွားလာမှု၊ ကုန်စည်စီးဆင်းမှုများကို အမြန်ဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက် (၂၄)ပေ ကျယ်ပြီး (၂၁ဝ)ပေ အရှည်ရှိတဲ့ Bailey တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့မှာ စတင်တည်ဆောက်ပြီး သြဂုတ်လ (၂၀)ရက်နေ့မှာ ပြီးစီးခဲ့ပါကြောင်း၊ Bailey တံတားတန်ဖိုးအားဖြင့် ကျပ်(၈၂ ဒသမ ၄ဝ)သန်း ကုန်ကျခဲ့ပြီး လမ်းပန်းဆက်သွယ်မှု၊ ကုန်စည်စီးဆင်းမှုများကို (၅)ရက်တာအတွင်းမှာ ယာယီအဆင်ပြေအောင် ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း၊ ယခုဖွင့်လှစ်လိုက်သည့် တံတားအသစ်ကို ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့က စတင်တည်ဆောက်ပြီး တန်ဘိုးငွေကျပ် (၈၇၄)သန်းနှင့် ၂ဝ၂ဝ ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့မှာ အပြီးတည်ဆောက်နိုင်ခဲ့ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန က အရေးပေါ်ရန်ပုံငွေဖြင့် အချိန်တိုကာလအတွင်း တည်ဆောက်အပ်နှံလိုက်သော ဒီတံတားကြီး ရေရှည်အသုံးပြုနိုင်အောင် တည်တံ့နေစေရန် ဒေသခံများက ဝိုင်းဝန်းစောင့်ရှောက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ကျော်ဝင်း က တံတားဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြပြီး ဒေသခံနောင်ချိုမြို့နယ် ရပ်မိရပ်ဖ ဦးစိုးထွန်းမှ ကျေးဇူးတင်စကားပြောကြားကာ တံတားဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများကို နေရာအရောက် ပေးအပ်ကြကြောင်း သိရသည်။
ထို့နောက်ဂုတ်တွင်းတံတား၌ တာဝန်ကျနေသော တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်တို့မှ ရေသန့်ဘူး၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် ငွေကျပ်(၅)သိန်းစီ စုစုပေါင်း (၁၀)သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ ဂုတ်တွင်းတံတားသစ်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ကျောက်မဲမြို့နယ်နှင့် နောင်ချိုမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကဗ္မည်းမော်ကွန်းကျောက်စာအား အမွှေးနံသာရည် ပက်ဖျန်းပေးကြကာ တံတားအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။ ယခုဖွင့်လှစ်လိုက်သည့် ဂုတ်တွင်းတံတားသစ်သည် ကျပ် (၈၇၄)သန်း အကုန်ကျခံ တည်ဆောက်ထားသည့် သံကူကွန်ကရစ်တံတားဖြစ်ပြီး အကျယ်ပေ(၃ဝ)၊ အရှည်ပေ (၂၁ဝ)ရှိကာ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် (၆၀)တန်ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)