နေပြည်တော်၊ အောက်တိုဘာ ၂၀
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အဆိုပါ ပန်းချီပြိုင်ပွဲ ကို “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ကြီး၏ သာယာလှပမှုများ၊ အေးချမ်းပျော်ရွှင်မှုများ၊ ကြည်နူးဝမ်းမြောက်ဖွယ်ရာများ၊ နိုင်ငံ့ ဂုဏ်ဆောင် တက္ကသိုလ်ကြီးအဖြစ် တည်ရှိခဲ့မှုများ၊ သမိုင်းအစဉ်အလာကြီးမားခဲ့မှုများနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်နေပုံများ စသည်တို့ကို ဖော်ညွှန်းရေးဆွဲ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
စည်းကမ်းသတ်မှတ်ချက်
ပန်းချီပြိုင်ပွဲသို့ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ဆီဆေး (သို့မဟုတ်) အခရိုင်းလစ် မီဒီယမ် အဖြစ် ရေးဆွဲယှဉ်ပြိုင်မည်ဆိုပါက ၁.၅ ပေ x ၂ ပေ (ကင်းဗတ်)ဖြင့်လည်းကောင်း၊ ရေဆေးဖြင့် ရေးဆွဲယှဉ်ပြိုင်မည်ဆိုပါက ၁၅ လက်မ x ၂၀ လက်မ (Water Colour Paper)ဖြင့်လည်းကောင်း ပေးပို့ယှဉ်ပြိုင်ရမည်။ ပြိုင်ပွဲဝင်လက်ရာများနှင့်ပတ်သက်၍ အငြင်းပွားမှု တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ ပါက အကဲဖြတ်အဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်ရမည်။
ပေးပို့ရန်
ပြိုင်ပွဲဝင်သူများသည် ပြိုင်ပွဲဝင်ပန်းချီကားကို ကိုယ်တိုင်ရေးပန်းချီကားဖြစ်ကြောင်း ဝန်ခံချက်ရေးသား၍ လိုင်စင်ဓာတ်ပုံနှစ်ပုံ၊ ကိုယ်ရေးမှတ်တမ်းအကျဉ်းတို့နှင့်အတူ ပေးပို့ရမည် ဖြစ်သည်။ ပြိုင်ပွဲဝင်ပန်းချီကားများကို နိုဝင်ဘာလ (၁၆) ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ ဦးအောင်ကျော်ထက်၊ ဒုတိယညွှန်ကြားရေးမှူး(ထုတ်လုပ်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အမှတ် ၂၂၈၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့သို့ ဆက်သွယ်ပေးပို့ရမည် ဖြစ်သည်။
သတင်းစဉ်