Skip to main content

အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အခြေပြမြေပုံ ၂၀၂၅ စောင့်ကြည့်ရေးနှင့် အကဲဖြတ်လေ့လာခြင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်

ရန်ကုန် ဇူလိုင် ၁

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူး၍ ASEAN-China Cooperation Fund (ACCF) ရန်ပုံငွေဖြင့် “အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာအခြေပြမြေပုံ ၂၀၂၅ စောင့်ကြည့်ရေးနှင့် အကဲဖြတ်လေ့လာခြင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ Novotel Yangon Hotel ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် (CLMV) နိုင်ငံများမှ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား

ဦးစွာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသူလေးများက မြန်မာ့ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် ဦးစံလွင်က online ဖြင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် အခြေပြမြေပုံ အကဲဖြတ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းစနစ်များကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သော နည်းပညာများနှင့် အသိပညာများကို အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင်လုပ်ငန်းအစုအဖွဲ့များမှ တာဝန်ရှိသူများအား ဖြန့်ဝေပေးသွားခြင်းဖြင့် ထိရောက်မှုရှိသော အာဆီယံလူမှု - ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင် အခြေပြမြေပုံအကဲဖြတ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းလုပ်ငန်းစဉ်တစ်ခု ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

တက်ရောက်

အာဆီယံ လူမှု - ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အခြေပြမြေပုံ ၂၀၂၅ စောင့်ကြည့်ရေးနှင့် အကဲဖြတ်လေ့လာခြင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းကို CLMV နိုင်ငံများမှ တစ်နိုင်ငံလျှင် သင်တန်းသူ သင်တန်းသား ရှစ်ဦးစီနှင့် မြန်မာနိုင်ငံမှ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင် ဆက်စပ်လုပ်ငန်းအစုအဖွဲ့များမှ ကဏ္ဍတစ်ခုလျှင် တစ်ဦးစီဖြင့် ၁၅ ဦး စုစုပေါင်း ၃၉ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၁ ရက်မှ ၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်