သန်လျင် ဇူလိုင် ၁
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် “သိမ်မွေ့ရှုမဝမြန်မာ့အလှ” လှယဉ်ကျေးမယ်နှင့် မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက အမှာစကားပြောကြားသည်။
ဦးစွာပြိုင်ပွဲကို ပထမနှစ်နှင့် အထူးပြုဘာသာရပ်ငါးခုမှ ကျောင်းသူများက “မြစိမ်းရောင်လွှမ်း အေးချမ်းစေမည်မြန်မာပြည်” အဖွင့်သီချင်းဖြင့် ကပြဖျော်ဖြေကြ သည်။ ဆက်လက်၍ ပြိုင်ပွဲဝင် ကျောင်းသူ ၂၈ ဦးက ခါးနံပါတ် (၁) မှ (၁၄) အထိ တစ်ဖွဲ့၊ ခါးနံပါတ် (၁၅) မှ (၂၈) အထိ တစ်ဖွဲ့၊ အဖွဲ့နှစ်ဖွဲ့ခွဲ၍ တစ်ဦးချင်းယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် ပြိုင်ပွဲဝင် ကျောင်းသူ ၂၈ ဦးအနက် အမှတ်ပေးအကဲဖြတ်ဒိုင်အဖွဲ့က ကျောင်းသူ ၁၀ ဦးအား ရွေးချယ်၍ တစ်ဦးချင်းထပ်မံယှဉ်ပြိုင်ခဲ့ကြပြီး ဆန်ခါတင်ငါးဦးအား ရွေးချယ်၍ မေးခွန်းများ မေးမြန်းကာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု နှစ်ဆုကို ရွေးချယ်ခဲ့ကြသည်။
ထို့နောက် “သိမ်မွေ့ရှုမဝမြန်မာ့အလှ” လှယဉ်ကျေးမယ်နှင့် မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုပြိုင်ပွဲတွင် ဆုရရှိကြသူများအား ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်သည်။ ထို့နောက် ပြိုင်ပွဲတွင် အစီအစဉ်အလိုက် တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည့် ပထမနှစ်နှင့် အထူးပြုဘာသာရပ်ငါးခုမှ ကျောင်းသူအဖွဲ့ ခုနစ်ဖွဲ့အား ပါမောက္ခချုပ်က ဂုဏ်ပြုပန်းစည်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။ အဆိုပါပြိုင်ပွဲသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၀၀ ခန့် တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်