Skip to main content

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇွန် ၂၉

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် နေရာများဖြစ်သည့် မျိုးရင်ရင်သီလရှင်စာသင်တိုက်နှင့် သာသနိကအဆောက်အအုံ အပျက်အစီးများနှင့် နေအိမ်အဆောက်အအုံ အပျက်အစီးများအား စက်ယန္တရားကြီးများအသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှု၊ မဟာစေတီလှစေတီတော်အား အသစ်တဖန်ပြန်လည် တည်ထားကိုးကွယ်မည့်မြေနေရာကို စက်ယန္တရားကြီးများဖြင့် အင်တိုက်အားတိုက် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် လေးကျွန်းမြေအုဌ်ကျောင်း ပရိယတ္တိစာသင်တိုက်ရှိ သာသနိကအဆောက်အအုံ အပျက်အစီးများကို ဖယ်ရှားရှင်းလင်းပြီး ယာယီစာသင်ဆောင်များနှင့် ယာယီကျောင်းဆောင်များ ဆောက်လုပ်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စု၊ သပြေတန်းကျေးရွာရှိ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော စစ်ကိုင်းတံတား (အင်းဝ) ၌ တံတားအပျက်အစီးများ ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)မှ တာဝန်ယူဆောင်ရွက်နေသော ခုံးအမှတ် (၄) နှင့် (၅) တို့ကို ကျွမ်းကျင်လုပ်သားများ၊ စက်ယန္တရားများနှင့် နည်းပညာအထောက်အကူပြု၍ စနစ်တကျစီမံခန့်ခွဲ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စုရှိ သမိုင်းဝင်မဟာအောင်မြေ ရွှေကြက်ယက် ဆုတောင်းပြည့်မြတ်စွာဘုရားရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော စေတီတော်ကြီးအား ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။