ရန်ကုန် ဇွန် ၂၈
နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ဒုတိယအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇောတိဿရက ဆောင်ရွက်တော်မူသည်။
ထို့နောက် ဒုတိယအစည်းအဝေး ဒုတိယနေ့ကို ဆက်လက်ကျင်းပရာ နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယအဖွဲ့ခွဲ၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်များအနက် ဝိနိစ္ဆယရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟကလည်းကောင်း၊ သာသနာရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနန္ဒပါလကလည်းကောင်း၊ ပညာရေးရာဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသူရိယကလည်းကောင်း ဝေဖန်ဆွေးနွေးတော်မူကြပြီး ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။
ယင်းနောက် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ဘုရား၊ စေတီ၊ ပုထိုးများ ပြန်လည်ပြုပြင်ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးအမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ လှူဒါန်းသည့် အလှူတော်ငွေကျပ်သိန်း ၃၃၀ ကို ဆရာတော်ကြီးများကိုယ်စား သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ အစည်းအဝေးကို ရပ်နားလိုက်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယအစည်းအဝေး ဒုတိယနေ့ ဒုတိယပိုင်းကို ဆက်လက်ကျင်းပပြီး ဝိနိစ္ဆယရေးရာကိစ္စများ၊ သာသနာရေးရာကိစ္စများ၊ ပညာရေးရာကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။
ဆက်လက်၍ နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဝေဖန်ဆွေးနွေးချက်များအပေါ် ဝိနိစ္ဆယရေးရာဆောင်ရွက်ချက်ကို အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကေသဝကလည်းကောင်း၊ သာသနာရေးရာဆောင်ရွက်ချက်များကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမနာဘိဝံသကလည်းကောင်း၊ ပညာရေးရာဆောင်ရွက်ချက်များကို သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တဝေဠုရိယကလည်းကောင်း ပြန်ကြားလျှောက်ထားတော်မူကြသည်။
ထို့နောက် နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇောတိဿရက အတည်ပြုချက်ရယူပြီး အစည်းအဝေးအောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံဝေဠုဝန် (ရွှေကျင်) ကျောင်းတိုက်ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တမာနိတ ဦးဆောင်သော တပည့်ဒါယကာ ဒါယိကာမ ဓမ္မမိတ်ဆွေများက ဒွေစတ္တာလီသတိမ (၄၂) ကြိမ်မြောက် အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းတစ်နေ့တာ ဆက်ကပ်လှူဒါန်းကြသည်။
သတင်းစဉ်