နေပြည်တော် ဇွန် ၂၈
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြမဲပေးခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဆရာ/ ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးက မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖြစ်ပေါ်လာပုံ၊ အသုံးပြုပုံနည်းစနစ်များနှင့် မဲပေးစက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးမှုများ ပြုလုပ်ကြရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။