နေပြည်တော် ဇွန် ၂၇
လာအိုနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၅ (၅၅) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် မဟာမဲခေါင်ဒေသခွဲခရီးသွား လုပ်ငန်းညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့အစည်းအဝေးများကို ဇွန် ၂၄ ရက်မှ ၂၆ ရက်အထိ လာအိုနိုင်ငံ လွန်ပရာဘမ်မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။
အစည်းအဝေးသို့မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ မဲခေါင်ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးမှ အလုပ်အမှုဆောင်ဒါရိုက်တာ၊ ဒေသတွင်းခရီးသွားလုပ်ငန်းဆိုင်ရာအစိုးရ၊ ပုဂ္ဂလိကကိုယ်စားလှယ်များနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရှင်များတက်ရောက်ခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်ဦးဆောင်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ဇွန် ၂၄ ရက်တွင် (၅၅) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးကို လာအိုနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Phonemaly Inthaphome က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဆိုပါအစည်းအဝေးတွင် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၄ နှင့် ဆက်စပ်အစည်းအဝေးဆုံးဖြတ်ချက်များအရ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ မဲခေါင်ဒေသတွင်း ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များနှင့် ခရီးသွားမြှင့်တင်ရေးအတွက် ဝက်ဘ်ဆိုက်၊ လူမှုရေးမီဒီယာနှင့် သတင်းမီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ မဲခေါင်အဖွဲ့ဝင်နိုင်ငံများကိုယ်စား မဲခေါင်ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးမှ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၊ မဲခေါင်ခရီးသွားလုပ်ငန်းမဟာဗျူဟာ ၂၀၃၀ အား အောင်မြင်စွာရေးဆွဲပြီးစီးမှုအခြေအနေများနှင့် ၂၀၂၆ ခုနှစ်တွင် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး ကျင်းပမည့်အခြေအနေများကို အတည်ပြုဆွေးနွေးညှိနှိုင်းကြသည်။
ဆက်လက်၍ ဇွန် ၂၅ ရက်တွင် မဲခေါင်ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံး ဘုတ်အဖွဲ့အစည်းအဝေးကို ကျင်းပရာ မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်းရုံး တည်ထောင်ရေးသဘောတူစာချုပ်အပေါ် အဖွဲ့ဝင်နိုင်ငံများမှ လက်မှတ်ရေးထိုးပြီးစီးမှုနှင့် လက်မှတ်ရေးထိုးရေးအတွက် ပြည်တွင်းလုပ်ငန်းစဉ်များဆောင်ရွက်နေမှုများ၊ စာချုပ်လက်မှတ်ရေးထိုးပြီးပါက စာချုပ်အသက်ဝင်ရေးနှင့် ရုံးတည်ထောင်ရေးအတွက် ထိုင်းနိုင်ငံနှင့် အိမ်ရှင်နိုင်ငံစာချုပ်ချုပ်ဆိုရေး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် အဆိုပါရုံးအား အစိုးရများနှင့်ဆိုင်သောရုံးအဖြစ် တည်ထောင်ပြီးစီးရန် လျာထားမှုအခြေအနေများနှင့် မဲခေါင်ခရီးသွားလုပ်ငန်းမဟာဗျူဟာ ၂၀၃၀ အား ဒေသတွင်းခရီးသွားလုပ်ငန်းနှင့်ဆက်စပ်အဖွဲ့အစည်းများအားလုံး သိရှိနိုင်ရေးအတွက် အတည်ပြုထုတ်ပြန်မည့်အခြေအနေများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ဆက်လက်၍ ဇွန် ၂၆ ရက်တွင် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၅ ကို “United Journey : Stronger Together” ခေါင်းစဉ်ဖြင့် ကျင်းပရာ လာအိုနိုင်ငံ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး Ms. Darany Phommavongsa နှင့် လွန်ပရာဘမ်ဒုတိယမြို့တော်ဝန်တို့က အဖွင့်အမှာစကားပြောကြားပြီး ဖိုရမ်တွင် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ခေါင်းဆောင်များ၊ နိုင်ငံတကာနှင့် ဒေသတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာပညာရှင်များမှ မဲခေါင်ဒေသတွင်းခရီးသွားလုပ်ငန်းများတွင် အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍများအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ပြီး မဲခေါင်ဒေသ အတွင်း အစားအသောက်အခြေခံ ခရီးသွားလုပ်ငန်းများ၊ စိုက်ပျိုးရေးအခြေခံ ခရီးသွားလုပ်ငန်းများ၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းများနှင့် ယဉ်ကျေးမှုအမွေအနှစ် အခြေခံခရီးသွားလုပ်ငန်းများဖြင့် မဟာမဲခေါင်ဒေသတွင်း ခရီးသွားလုပ်ငန်းများမြှင့်တင်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးညှိနှိုင်းကြသည်။ အဆိုပါဖိုရမ်နှင့် အစည်းအဝေးများကာလအတွင်း မြန်မာနိုင်ငံမှ ခရီးစဉ်ဒေသများနှင့် မြန်မာ့ရိုးရာအစားအသောက်နှင့် လက်မှုပစ္စည်းများကို ခင်းကျင်းပြသခဲ့သည်။
ညနေပိုင်းတွင် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် -၂၀၂၆ အလံလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က လွှဲပြောင်းလက်ခံရယူခဲ့ပြီး မဲခေါင်ခရီးသွားလုပ်ငန်း ဖိုရမ်-၂၀၂၆ နှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံမှအလှည့်ကျ အိမ်ရှင်နှင့်ဥက္ကဋ္ဌအဖြစ် ၂၀၂၆ ခုနှစ် ဇွန်လအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်