နေပြည်တော် ဇွန် ၂၆
နေပြည်တော် စိမ်းလန်းစိုပြည်စေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ဆည်စိမ်းလန်းမြေနေရာ၌ နေပြည်တော်စည်ပင်သာယာရေးကော်မတီက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
ကြည့်ရှုအားပေး
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မည်စည်ပင်ကို စတင်စိုက်ပျိုးပေးကာ တက်ရောက်လာကြသူများက သတ်မှတ်နေရာများတွင် တရုတ်စကား၊ ထိုင်ဝမ်ဗာဒံ၊ မည်စည်၊ Fox Tail ၊ ဇလပ်စကြာ၊ ကြံ့စာ၊ ကိုယ်ရံဝါ၊ ကဏန်းလက်မ စုစုပေါင်း ၃၈၃၉ ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်တို့သည် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း၌ မြန်မာ့နိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားများ ပြောကြားကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စာရေးဆရာ မောင်လေပြေ (တောင်တွင်း) အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးက အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းသို့ စာအုပ်များနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ စာရေးဆရာ မောင်လေပြေ (တောင်တွင်း) က စာဖတ်ခြင်းအကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး ကျောင်းသား ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိမေးမြန်းခြင်းနှင့် ဆုလက်ဆောင်ပေးအပ်ခြင်းများ ဆောင်ရွက်သည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ဇွန် ၂၆ ရက် (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ ပေးပို့သည့် သဝဏ်လွှာကို နေပြည်တော် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီးရဲမိုးက ဖတ်ကြားသည်။
ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုကို ပြသပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများအား ဂုဏ်ပြုဆုများချီးမြှင့်ကြကာ ပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)