နေပြည်တော် ဇွန် ၂၅
အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများနေ့ ၂၀၂၅ (MSME Day 2025) အခမ်းအနားကို ဇွန် ၂၄ ရက် ဒေသစံတော်ချိန် ၁၀ နာရီတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းရုံး၌ ကျင်းပရာစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ရုံးအမှတ်(၃၀)မှ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်သည်။
အမှာစကားပြောကြား
အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း အထူးကိုယ်စားလှယ်နှင့် ညွှန်ကြားရေးမှူး စင်သီယာဆမ်မြူအယ်လ်-အိုလွန်ဂျူဝမ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ကုလသမဂ္ဂဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးဌာနခွဲ၏ အဆင့်မြင့်အရာရှိ အမ်ဆန်စီဘန်ဒါ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံနှင့် ရဝမ်ဒါသမ္မတနိုင်ငံတို့၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်တို့က အမှာစကားပြောကြားကြသည်။
ထို့နောက် “စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုနှင့် ဆန်းသစ်တီထွင်မှုတို့၏ ပဲ့ကိုင်သူများအဖြစ် MSMEs ၏ အခန်းကဏ္ဍကို မြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပရာ ကုလသမဂ္ဂ၏ ကုန်သွယ်မှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာအဖွဲ့ အကြီးအကဲ ဂျွမ်ဂျိုးစ်မာတီနက်ဘာဒီလိုက ဦးဆောင်၍ MSMEs ကိုယ်စားလှယ်များ၊ မူဝါဒနှင့်အစိုးရပိုင်းဆိုင်ရာကိုယ်စားလှယ်များ၊ စီးပွားရေးရာအထောက် အကူပြုအဖွဲ့အစည်းများနှင့် တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနေ့ ၂၀၂၅ (MSME Day 2025)ကို ကမ္ဘာလုံးဆိုင်ရာကုန် သွယ်ရေးအခြေအနေအပြောင်း အလဲများအကြား ကျယ်ပြန့်သည့်ဖွံ့ဖြိုးမှုနှင့် စဉ်ဆက်မပြတ်တိုးတက်မှုများကို မြှင့်တင်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် အရေးကြီးသောအခန်းကဏ္ဍ တစ်ခုအဖြစ် မီးမောင်းထိုးပြရန်၊ ငွေကြေး၊ မူဝါဒဆိုင်ရာ အထောက်အပံ့နှင့် တိုးတက်ဖြစ်ထွန်းရန် လိုအပ်သည့်ကဏ္ဍများကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊ လက်တွေ့ကျသောအတွေးအခေါ်များကို ဖော်ထုတ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဦးစားပေးလိုအပ်ချက်များကို ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များတွင် ထည့်သွင်းရေးဆွဲရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏသီရိစက်မှုဇုန်ရှိ မြန်မာနယူးပါဝါကုမ္ပဏီ လီမိတက်၏ မော်တော်ဆိုင်ကယ်တပ်ဆင်ထုတ်လုပ် ရေးစက်ရုံ၌ မော်တော်ဆိုင်ကယ်များ တပ်ဆင်ထုတ်လုပ်နေမှုနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ထုတ်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မော်တော်ဆိုင်ကယ်ထုတ်လုပ်ခြင်းနှင့်ပတ်သက်သည့် နည်းပညာများ လွှဲပြောင်းရရှိနိုင်ရေး စီမံဆောင်ရွက်ရန်၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်နှင့် အပိုပစ္စည်းများ လွယ်လင့်တကူဝယ်ယူအသုံးပြု နိုင်ရေးစီမံဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်