Skip to main content

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ (၄)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားများကျင်းပ

နေပြည်တော် ဇွန် ၁၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ (၄)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားများကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ် ဇွန် ၁၇ ရက်တွင် စတင်ဖွဲ့စည်းပေးခဲ့ပြီး ယနေ့ဆိုလျှင် ဝန်ကြီးဌာန(၄)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်၏ရည်မှန်းချက်များ ပြည့်မီစေရေး၊ ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို အဓိကထား တာဝန်ယူဆောင်ရွက်ရသည့်အတွက် ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သမဝါယမအသင်းများဖွဲ့စည်း၍ စိုက်ပျိုးမွေးမြူရေး အခြေခံကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ (၄)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှသည် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များနှင့်အညီ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မှပေးအပ်ချီးမြှင့်သည့် ဘွဲ့၊ တံဆိပ်ရရှိသူများ၊ စပါး အထွက်တိုးဆု၊ ကျေးလက်ဖွံ့ဖြိုးရေးဘက်စုံထူးချွန် ဆု၊ ဌာန၏လုပ်ငန်းစဉ်များအပေါ် အကောင်းဆုံး အကောင်အထည်ဖော်နိုင်မှုဆု၊ ကျေးလက်လမ်း၊ တံတားများ အရည်အသွေးပြည့်မီပြီး အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်မှုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်နိုင်မှုဆုနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာဆုရရှိကြသူများအား ဂုဏ်ပြုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှင့် အခြားဝန်ကြီးဌာနများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ ဝန်ထမ်းများအတွက် ဂျာကင်နှင့် တူညီဝတ်စုံများ၊ ဝန်ထမ်းသားသမီးများအတွက် ကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံစသည့် စာရေးကိရိယာများ၊ ကံစမ်းမဲပေါက်သော ဝန်ထမ်းများအတွက် ပစ္စည်းများကိုလည်းကောင်း ပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ဆုရရှိကြသူများ၊ တူညီဝတ်စုံများ၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ၊ ကံစမ်းမဲပေါက်သူများကို ဆုများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်