Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၄

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် မန္တလေးငလျင်ကြီးကြောင့် အင်းလေးဒေသကျေးရွာများအတွင်းရှိ ပျက်စီးသွားသည့် ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ်ရှိ ဘီလူးချောင်းပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်တည် ဆောက်လျက်ရှိသည့် အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံ ကိန်းသို့ရောက်ရှိပြီး စီမံကိန်းဧရိယာအတွင်းရှိ ရေလွှဲဆည်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေသွယ်မြောင်းနှင့် ရေထိန်းကန်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ ဘီလူးချောင်းပေါ်တွင် ကွန်ကရစ်တမံ (Overflow Type) တည်ဆောက်ပြီး အမှတ် (၁) စက်ရုံ မှ ၂၀ ဒသမ ၄ မဂ္ဂါဝပ်နှင့် အမှတ် (၂)စက်ရုံမှ ၁၀ မဂ္ဂါဝပ်စုစုပေါင်း စက်တပ်ဆင်အင်အား ၃၀ ဒသမ ၄ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ နှစ်ရုံတည်ဆောက်ပြီး နှစ်စဉ်ပျမ်းမျှလျှပ်စစ်ဓာတ်အားကီလို ဝပ်နာရီသန်းပေါင်း အမှတ်(၁)စက်ရုံမှ ၉၀ ဒသမ ၁ သန်းနှင့် အမှတ်(၂) စက်ရုံမှ ၄၄ ဒသမ ၃ သန်းထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်နှင့်ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် စီမံကိန်းလုပ်ငန်းတစ်ခုလုံး၏ ၄၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ပြီး ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြန်လည်ပြုပြင်

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ရွှေမြို့နယ် အင်းလေးဒေသသို့ရောက်ရှိပြီး မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားခဲ့သည့် အင်းလေးဒေသ၊ ကြာတောကျေးရွာ၌ ၁၁ ကေဗွီ ဓာတ်အားလိုင်းများ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီး ခဲ့မှုအခြေအနေများ၊ ပြုပြင်ဆောင်ရွက်ရန်ကျန်ရှိနေသည့် ကေလာကျေးရွာနှင့် အုန်းပင်ကျေးရွာတို့၌ ပျက်စီးသွားသည့် ဓာတ်အားလိုင်းများအား ညောင်ရွှေမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ကျွမ်းကျင်ဝန်ထမ်းများက အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုအားပေး၍ ထောက်ပံ့ငွေများပေးအပ်သည်။

ထို့နောက် အင်းလေးဖောင်တော်ဦးဘုရားအား ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းကပ်လှူပူဇော်ပြီး အလှူတော်ငွေများ ဆက်ကပ်လှူဒါန်း၍ ပင်မကျောင်းဆောင်ဒေါက်တိုင်များ ပြုပြင်ဆောင်ရွက်နေမှု၊ ဝရန်တာနှင့် အခြားချို့ယွင်းပျက်စီးသွားမှုများကို ပြန်လည်ပြုပြင်ရန် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

သတင်းစဉ်