နေပြည်တော် ဇွန် ၉
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး (၇၅)နှစ်ပြည့်မြောက်ခဲ့မှုနှင့် နှစ်နိုင်ငံ ပြည်သူများအကြား အေးအတူပူအမျှ အသိုက်အဝန်း တည်ထောင်ဆောင်ရွက်ခဲ့မှု၊ နှစ်နိုင်ငံပြည်သူများ တရားဝင်နယ်စပ်ဂိတ်များမှ ဝင်/ထွက်သွားလာမှုအပေါ် ညှိနှိုင်းဆောင်ရွက်ပေးရန်လိုအပ်မှု၊ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုလာရောက်ဆောင်ရွက်ကြသည့် တရုတ် နိုင်ငံသားများ၏ ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာလုပ်ငန်း များ အဆင်ပြေစေရေးအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးနိုင်ရေး၊ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများအား နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုအရ ပြန်လည်ပြည်နှင်လွှဲပြောင်းပေးမှုနှင့် နှစ်နိုင်ငံပြည်သူများ တရားဝင် ဝင်/ထွက်မှုရှိစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ကြပ်မတ် ဆောင်ရွက်ပေးနိုင်ရေး၊ ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့အကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်