Skip to main content

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇွန် ၉

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့သီတဂူဗုဒ္ဓတက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှု၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်နှင့် သာသနိကအဆောက် အအုံများအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းနေမှုများနှင့် စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက် မြို့မအားကစားခန်းမရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများ ပစ္စည်းရရှိ/ထုတ်ပေးဌာန၌ လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ လုပ်အားပေးဆောင်ရွက်နေသူများအား အားဖြည့်အချိုရည်များ ပေးအပ်သည်။

ထို့နောက် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော စစ်ကိုင်းမြို့ မြို့တော်ခန်းမ ပိုးတန်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် နေအိမ်အဆောက်အအုံများ၊ မင်းလမ်းရပ်ကွက် ရတနာဗိမာန် ထူပါရုံရွှေကျောင်းတိုက်ရှိ သာသနိက အဆောက်အအုံများနှင့် သောတပန်ရပ်ကွက် သကျဓီတာသီလရှင်စာသင်တိုက်နှင့် လေးကျွန်းမာရ်အောင် မြတ်စွာဘုရားကြီးရှိ သာသနိကအဆောက်အအုံများ၌ စက်ယန္တရားကြီးများဖြင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းမှု၊ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စာသင်ကျောင်းအတွင်း ရေသန့်စက်ထားရှိမည့် အဆောက်အအုံသစ်ဆောက်လုပ်နေမှုနှင့် ယာယီကျောင်းဆောင်များ ဆောက်လုပ်ပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် စစ်ကိုင်းတောင်ရှိ ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းအချို့ ပြန်လည်နေရာချထားနိုင်ရေးအတွက် ရွာထောင်ရပ်ကွက်ရှိ လျာထားမြေလွတ်နေရာအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းနေသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့ အမရပူရမြို့နယ်ရှိ ရွှေကြက်ယက် ဆုတောင်းပြည့်မြတ်စွာဘုရား၊ ရွှေကြက်ကျဆုတောင်း ပြည့်မြတ်စွာဘုရား၊ နန်းဦးကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်ရှိ အဘယာရာမ မိုးထိကျောင်းတိုက်များသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဘုရားစေတီများနှင့် သာသနိကအဆောက်အအုံများရှိ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှု၊ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ရှေးမူမပျက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအမြန်ဆုံး ပြီးစီးဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်နှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက်ရှိ ရွှေစေတီစာသင်တိုက်၊ ကုလားကျောင်းကျေးရွာအုပ်စုရှိ ရွာဦးဘုန်းကြီးကျောင်း၊ ကိုးပင်ကျေးရွာအုပ်စုရှိ မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ (အင်းကုန်း) သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့်ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှုများအား ရှင်းလင်း ဖယ်ရှားနေမှုနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကုလားကျောင်း ကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ မြန်မာသံတော်မြတ် ကုမ္ပဏီလီမိတက်၊ ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံမှ လှူဒါန်းသည့် RC တစ်ထပ်စာသင်ကျောင်းဆောင် ဆောက်လုပ်နေမှုနှင့် ကျောင်းသားကျောင်းသူများ ပညာသင်ကြားနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ကျောက်ဆည်မြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများနှင့် လူနေအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများကို စက်ရုံထုတ် အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုများနှင့် ကျောက်ဆည်မြို့ ကြောင်ပန်းကုန်းကျေးရွာအုပ်စုရှိ သမိုင်းဝင် တမုတ်ရှင်ပင်ရွှေဂူဘုရားကြီး၌ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများအား ဖယ်ရှားရှင်းလင်းပြီးစီးမှုနှင့် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်