Skip to main content

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် ပထမအကြိမ်အစည်းအဝေးကျင်းပ

နေပြည်တော် ဇွန် ၉

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် ပထမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့ တက်ရောက်အမှာစကား ပြောကြားသည်။

ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်ရန်လို

ဦးစွာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက သီလဝါအထူးစီးပွားရေးဇုန်တွင် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက် ရန်လိုကြောင်း၊ ပြည်ပပို့ကုန် မြှင့်တင်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ကုန်သွယ်ရေးလိုငွေပြမှုကို နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ MSMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်လာရန်အတွက် ဇုန်အတွင်းရှိ လုပ်ငန်းများက ပြည်တွင်းရှိ MSMEs လုပ်ငန်းများနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေး ဇုန်၏ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် သူများအား မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ပေးရန် ပြောကြားသည်။

Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်သုံးစွဲရန်လို

ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌက သီလဝါအထူးစီးပွားရေးဇုန်တွင် Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်သုံးစွဲရန်လိုကြောင်း၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်စီမံကိန်းနှင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ဆောင်ရွက်ထားရှိမှုအခြေအနေများရှင်းလင်းတင်ပြ

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇော်ဦးက ယခင်ကျင်းပခဲ့သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် စတုတ္ထအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြ

ဆက်လက်၍ သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူး စီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများက အမှာစာများကို ဖတ်ကြားတင်ပြကြပြီး မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဝင်များက ဇုန်တစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်ပေးနေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်