နေပြည်တော် ဇွန် ၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ မြတ်လူမွန် ကျောင်းသားအိပ်ဆောင်၊ မြစံပယ်နှင့် မြမဉ္ဇူ ကျောင်းသူအိပ်ဆောင်များ ပြန်လည်ပြုပြင်ပြီးစီးမှုနှင့် နေရာချထားမှုတို့ကိုလည်းကောင်း၊ တစ်ထပ်စာသင်ဆောင်များ ပြုပြင်ပြီးစီးမှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေမှုကိုလည်းကောင်း၊ ပြန်လည်ပြုပြင်နေရာချထားပြီးသော ကွန်ပျူတာစာသင်ခန်းနှင့် ပြုပြင်ဆဲကွန်ပျူတာခန်းတို့ကိုလည်းကောင်း၊ သက်ဆိုင်ရာ၏ အပြာရောင်အဆင့် သတ်မှတ်ချက်ဖြင့် အသေးစားပြုပြင်ဆောင်ရွက်ရမည့် သုံးထပ်ဆောင်စာသင်ခန်းများနှင့် သန့်စင်ခန်းများကိုလည်း ကောင်း၊ ဝန်ထမ်းများ နေရာချထားပေးသည့် အဆောင်များနှင့် တည်ဆောက်ဆဲ Prefabricated Modular House များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ရေ၊ မီး၊ မိလ္လာလုပ်ငန်းများ စနစ်တကျဆောင်ရွက်ပေးရန် မှာကြားသည်။
ထို့နောက် ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့နယ် သမဝါယမအသင်းစုရုံးနှင့် မြို့နယ်သမဝါယမဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးပြန်လည်ပြုပြင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို မှာကြားပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။
ယင်းနောက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ယာယီရုံးဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေ၊ ဝန်ထမ်းမိသားစုများ နေထိုင်ရန် Prefabricated Modular House များ တည်ဆောက်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးမြို့ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်၍ ငလျင်ဒဏ်သင့်ကျောင်းခြံစည်းရိုး ပြန်လည်ရှင်းလင်းဆောင်ရွက်ထားမှု၊ စာသင်ခန်းမျက်နှာကြက်များ ပြုပြင်ပြီးစီးမှု၊ ကွန်ပျူတာစာသင်ခန်းအတွက် ဆိုလာတပ်ဆင်ပြီးစီးမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ မကြာမီဖွင့်လှစ်တော့မည့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသား ကျောင်းသူများအား ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့်အညီ စနစ်တကျ လေ့ကျင့်ပြုစုပျိုးထောင်ပေးရေး တိုက်တွန်းမှာကြားသည်။
ထို့နောက် သမဝါယမကောလိပ်သို့ သွားရောက်၍ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော ပင်မဆောင်အခြေအနေနှင့် ဆက်လက်ရှင်းလင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး အေးချမ်းစွာပညာသင်ယူနေကြသည့် ကျောင်းသား ကျောင်းသူများကို တွေ့ဆုံအားပေးစကားပြောကြားသည်။
ထိုမှတစ်ဆင့် ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်စံပြကျေးရွာသို့ သွားရောက်ပြီး စိုက်ပျိုးရေးသမဝါယမအသင်းရှစ်သင်းမှ တောင်သူများနှင့် တွေ့ဆုံ၍ မိုးစပါးနှင့် မိုးဝါပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံမြေပဲ၊ နှမ်း၊ နေကြာအောင်မြင်အောင် စိုက်ပျိုးကြရေး တိုက်တွန်းမှာကြားကာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အထွက်တိုးစပါးမျိုးများဖြစ်သော အောင်နိုင် တိုး၊ GW-11 ၊ ဧရာပဒေသာမျိုးများကိုလည်းကောင်း၊ အထွက်တိုးဝါမျိုးများဖြစ်သည့် RAKA-၆၆၆ ၊ B-31 ၊ TBl-195 မျိုးများကိုလည်းကောင်း အသင်းသားတောင်သူများထံ ပေးအပ်ကာ ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးမှူးရုံးဝန်ထမ်းများ ယာယီရုံးဖွင့်လှစ်ဆောင်ရွက်မည့် နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်