Skip to main content

အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ဇွန် ၆

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC) နှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီဝင်များ၊ သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီဝင်များ၊ UMFCCI၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများ၊ NSSA ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သားများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံများ၊ စစ်ဆေးရေးမှူးများနှင့် စစ်ဆေးအကဲဖြတ်သူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တို့မှ အလုပ်အကိုင် ၁၂ မျိုးအတွက် ကျွမ်းကျင်လုပ်သား ၇၁၇ ဦးနှင့် အလုပ်အကိုင်လေးမျိုးအတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန လေးခုတို့ကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ UMFCCI အထွေထွေအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ စားသောက်ဆိုင်ဝန်ဆောင်မှုသင်တန်းနှင့် လေအေးပေးစက်တပ်ဆင်/ ပြုပြင်ခြင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချနေမှုများကို ကြည့်ရှုအားပေးသည်။

မွန်းလွဲပိုင်းတွင် စမ်းချောင်းမြို့နယ်ရှိ Star Hospitality and Business Management International College တွင် ဟိုတယ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်