နေပြည်တော် ဇွန် ၆
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကော်မတီဒုတိယဥက္ကဋ္ဌများနှင့် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အစည်းအဝေးတက်ရောက်လာကြသူများသည် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် အသက်ဆုံးရှုံးခဲ့မှုများနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် စာနာနားလည်မှုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်စွာ ဦးညွှတ်ဂါရဝပြုကြသည်။
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ် မတ်၂၈ ရက်ကရစ် (ခ်) တာစကေး ၇ ဒသမ ၇ ဖြင့် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများနှင့် စပ်လျဉ်း၍ ပြန်လည်ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ယနေ့အစည်းအဝေးတွင် ပြန်လည်ဆွေးနွေးပြီး ပြီးစီးသည့် အခြေအနေကို ပို၍ယုံကြည်စိတ်ချမှုရှိအောင်၊ ပြင်ဆင်ဆဲဆောင်ရွက်နေသည်များကို ရေရှည်တည်တံ့အောင်နှင့် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းကိစ္စရပ်များနှင့် ကျန်ရှိသည့် လုပ်ငန်းများကို အချိန်ကာလအလိုက် ဆောင်ရွက်သွားရန်အတွက် ညှိနှိုင်းဆွေးနွေးရန် ပြုလုပ်ခြင်းဖြစ်ကြောင်း။
ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့
မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှံးမှုများအနေဖြင့် ယနေ့အထိ သေဆုံးသူ ၃၇၃၉ ဦး၊ ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၆၇ ဦးရှိကြောင်း၊ ထို့ပြင် နေအိမ်အဆောက်အအုံ ၆၃၀၀၀ ကျော်နှင့် စာသင်ကျောင်းများ၊ ဘုရားကျောင်းကန်စေတီများ၊ လမ်းတံတားများ များစွာထိခိုက်ပျက်စီးခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့် ငလျင်လှုပ်ခတ်ပြီး နာရီပိုင်းအတွင်း ဘေးဒုက္ခခံစားခဲ့ရသည့် ပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို အမြန်ဆုံးကယ်ဆယ်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ကြောင်း၊ အလားတူ ငလျင်ဒဏ်ခံခဲ့ကြရသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များကလည်း အချိန်နှင့်တစ်ပြေးညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုများကို ကြည့်မည်ဆိုပါက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ခဲ့ကြသည့် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်ရေး အဖွဲ့ဝင် ၂၆၈၈ ဦးကို စေလွှတ်ခဲ့ကြောင်း၊ အစောဆုံးအနေဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံကရောက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ အလားတူတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များကလည်း နိုင်ငံတကာမှ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြောင်း။
ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ငလျင်လှုပ်ခတ်ပြီး အချိန်ပိုင်းအတွင်း နိုင်ငံတကာသို့ အကူအညီတောင်းခံမှု အကျိုးဆက်အဖြစ် ငလျင်ကြောင့် ဘေးဒုက္ခခံစားနေကြရပြီး ပိတ်မိနေကြသည့် ပြည်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို အတတ်နိုင်ဆုံးနှင့် အမြန်ဆုံးအသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ထောက်ပံ့ရေးပစ္စည်းများအနေဖြင့် နိုင်ငံပေါင်း ၁၉ နိုင်ငံမှ စာနာထောက်ထားမှုပစ္စည်းနှင့် ဆေးဝါး စုစုပေါင်း တန်ချိန် ၂၄၇၂ တန်ကို လေယာဉ်အစင်း ပေါင်း ၁၀၀၊ ရေယာဉ်ပေါင်း ၈ စင်းနှင့် မော်တော်ယာဉ် ၂ စီးဖြင့် ပို့ဆောင်ထောက်ပံ့ပေးခဲ့ကြောင်း၊ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ လုပ်ငန်းအတွေ့အကြုံများနှင့် ဗဟုသုတများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တို့က ရရှိခဲ့သည့်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ကိစ္စရပ်ပင်ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသော နည်းပညာမြင့်မားသည့် ပစ္စည်းကိရိယာများ၏ သုံးစွဲပုံ၊ သုံးစွဲနည်းများကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ရသည့်အတွက် အတွေ့အကြုံကောင်းများ ရရှိခဲ့ကြောင်း၊ ထိုကဲ့သို့ စွမ်းစွမ်းတမံအကူအညီများ ရရှိခဲ့သည့်အတွက် ငလျင်ကြောင့် ဘေးဒုက္ခခံစားရသူများကို အမြန်ဆုံးကယ်ဆယ်နိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကိုလည်း အမြန်ဆုံးဆက်လက်ဆောင်ရွက်နိုင်ခဲ့ကြောင်း။
ယနေ့အထိ စာရင်းများအရ ပြည်တွင်း၊ ပြည်ပစေတနာရှင်ပြည်သူများက လှူဒါန်းမှု ၄ ကြိမ်အတွင်း ငွေကျပ် ၁၄၄ ဘီလီယံကျော်ရရှိခဲ့ကြောင်း၊ ထို့အတူ နိုင်ငံတကာမှ အစိုးရအဖွဲ့များ၊ မြန်မာနိုင်ငံမှ ပြည်ပရောက်စေတနာရှင်များ လှူဒါန်းမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၅ ဒသမ ၁ သန်း၊ ကိုရီးယား ဝမ် ၅ သန်း၊ အိန္ဒိယ ရူပီး ၁၆ သန်း၊ ထိုင်း ဘတ် ၂ သန်း၊ စင်ကာပူဒေါ်လာ ၃၁၅၀၊ တရုတ်ယွမ် ၇၀၀ ၊ သီရိလင်္ကာ ရူပီး ၂ သိန်းခွဲ၊ နီပေါ ရူပီး ၃၇၀၀၀၊ ဘင်္ဂလားဒေ့ရှ် တာကာ ၃၁၆၀၊ ဗီယက်နမ် ဒေါင် ၉၇၉၀၀၀၊ အင်ဒိုနီးရှား ရူပီး ၂၀၀၀၀၊ ကမ္ဘောဒီးယား ရီရယ် ၇၁၆၅၀၀ ၊ လာအို ကစ် ၁ ဒသမ ၇ သန်းကျော်၊ ရုရှား ရူဘယ် ၂၆၃၀၀၀ ကျော် ရရှိခဲ့ကြောင်း။
ကျေးဇူးတင်ရှိ
ယခုကဲ့သို့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးနိုင်ငံ ၂၅ နိုင်ငံနှင့် ကယ်ဆယ်ရေးပစ္စည်းပေးပို့သည့်နိုင်ငံ ၁၉ နိုင်ငံနှင့် ဝိုင်းဝန်းကူညီပေးခဲ့ကြသည့် ကယ်ဆယ်ရေးအဖွဲ့ဝင်များကို နိုင်ငံတော်ကိုယ်စား၊ ပြည်သူများကိုယ်စား၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဗဟိုဌာနကိုယ်စား ကျေးဇူးတင်ရှိကြောင်းကို ယခုအစည်းအဝေးတွင် ထပ်မံပြောကြားလိုကြောင်း၊ နိုင်ငံအတွင်း သဘာဝဘေးဒုက္ခကြုံတွေ့ခဲ့ချိန်များတွင် စာနာထောက်ထားမှုစေတနာမေတ္တာ အပြည့်အဝဖြင့် လှူဒါန်းပေးခဲ့ကြသည့် စေတနာရှင်ပြည်သူများကိုလည်း ကျေးဇူးတင်ရှိကြောင်းကို ထပ်မံပြောကြားလိုကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ငလျင်ဘေးနှင့် ပတ်သက်၍ လာရောက်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံများအလိုက် အဖွဲ့များကို အမှတ်တရဂုဏ်ပြုတံဆိပ်များ ပေးပို့ရေးလမ်းညွှန်ချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံများအလိုက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများကိုလည်း ပေးအပ်သွားမည်ဖြစ်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြုစုပေးပို့နိုင်ရေးလျာထားဆောင်ရွက်သွားရန်လိုကြောင်း။
၎င်းအပြင် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းမှ လှူဒါန်းသည့် စေတနာရှင်ပြည်သူများ၏ အလှူငွေများနှင့် ပစ္စည်းများ ရောက်ရှိလာသည့်အပေါ်မူတည်၍ ငလျင်ဒဏ်သင့် ဒေသများရှိ ပြည်သူများထံသို့ လက်ဝယ်အရောက် အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးရန် ညွှန်ကြားထားကြောင်း၊ မိမိတို့အနေဖြင့်လည်း ရောက်ရှိလာသည့် ပစ္စည်းများကို စာရင်းများပြုစုပြီး ပွင့်လင်းမြင်သာမှုရှိစွာ စနစ်တကျဖြင့် ငလျင်ဒဏ်သင့်ဒေသများမှ ပြည်သူများထံသို့ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်မှုများကိုလည်း နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြပေးလျက်ရှိကြောင်း၊ ကူညီထောက်ပံ့ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယနေ့အထိရရှိသည့် ပြည်တွင်းအလှူရှင်များ၏ ငွေကျပ် ၁၄၄ ဘီလီယံကျော်နှင့် ပြည်ပအလှူရှင်များ၏ အမေရိကန်ဒေါ်လာ ၅ သန်းကျော်အပါအဝင် နိုင်ငံတော်အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ရန်ပုံငွေထပ်မံထည့်ဝင်ပေးမှုနှင့် ငလျင်ဘေးသင့်ချိန် အရေးပေါ်ကူညီ ကယ်ဆယ်ရေး၊ အပျက်အစီးများ ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ရန် ထည့်ဝင်ပေးထားကြောင်း။
အိမ်များပျက်စီးမှုအလိုက် ထောက်ပံ့ပေးမည်
ယနေ့အထိ သုံးစွဲပြီးသည့်ငွေ စုစုပေါင်း ငွေကျပ် ၂၆၄ ဒသမ ၆၅၆ ဘီလီယံရှိကြောင်း၊ ထိုသို့ သုံးစွဲရာတွင် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၄၅ ခုမှ ဝန်ထမ်းနှင့် မှီခိုသူ ၁၃၀၀၀၀ ကျော်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် ငါးပိ သုံးလစာထောက်ပံ့ခြင်း၊ ပျက်စီးခဲ့သည့် အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ကျောင်းများတွင် ယာယီကျောင်းဆောင်များပြုလုပ်ရန် ကြိုတင်ငွေများ ပေးအပ်ခြင်း၊ ဝန်ထမ်းအိမ်ရာများ၊ ရုံးများနှင့် အထူးအဆောက်အအုံများ ပြင်ဆင်နိုင်ရန် ပေးအပ်ခြင်းများရှိကြောင်း၊ ထို့ပြင် ဘေးဒုက္ခရောက်ခဲ့သည့် ပြည်သူများအတွက် အရေးပေါ်ထောက်ပံ့ငွေများ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေလွှာများ မီးလောင်ခဲ့သည့် ပြည်နယ်တစ်ခုနှင့် တိုင်းဒေသကြီးသုံးခုမှ အခြေခံပညာအထက်တန်း Grade-12 စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူ ၃၅၉၂၂ ဦးနှင့် ယင်းတို့ကို အနီးကပ်သင်ကြားပေးမည့် ဆရာ ဆရာမ ၆၇၂၉ ဦးတို့အတွက် Camp အတွင်း နေထိုင်စားသောက်ရေးစရိတ်များ၊ စာရေးကိရိယာဖြည့်ဆည်းပေးမှုစရိတ်များ၊ အဝေးမှ ပညာရပ်ဆိုင်ရာ ဘာသာရပ်အလိုက် လာရောက်သင်ကြားပို့ချပေးကြသည့် ဆရာကြီး၊ ဆရာမကြီးများ၏ ခရီးစရိတ်၊ တည်းခိုနေထိုင်ရေးကိစ္စရပ်များတွင် အသုံးပြုရန် စုစုပေါင်းငွေကျပ်ဘီလီယံ ၂၀ ကို နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ယခုလတွင် ထောက်ပံ့ပေးခဲ့ကြောင်း၊ ထိုထောက်ပံ့ငွေများတွင် ခရီးစရိတ်များ၊ စားစရိတ်များ၊ နေ့တွက်စရိတ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ ပါဝင်ကြောင်း၊ ငလျင်ဘေးသင့်ပြည်သူများ၏ နေအိမ်များ ပျက်စီးမှုအပေါ် မူတည်၍ နိုင်ငံတော်မှထောက်ပံ့ပေးရန် DMC မှ တွက်ချက်ထားပြီးဖြစ်ကြောင်း၊ ဝန်ထမ်းအိမ်ရာမပါ လူနေအိမ် ၃၉၆၀၃ အိမ်ရှိကြောင်း၊ အဆိုပါအိမ်များ ပျက်စီးမှုအလိုက် စိစစ်ဆဲဖြစ်ပြီး မကြာမီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း။
ဝန်ထမ်းအိမ်ရာများတွင် ပြိုကျပျက်စီးမှုများအနက် တိုက်များပိကျ၍ အိမ်အသုံးအဆောင်ပစ္စည်းများ ဆုံးရှုံးခဲ့သည့် ဝန်ထမ်းအိမ်ထောင်စု ၄၄၉ စုအတွက် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ စေတနာရှင်အလှူရှင်များက ထောက်ပံ့ပေးသည်များ ရှိသော်လည်း နိုင်ငံတော်အနေဖြင့်လည်း ပုံမှန်နေ့စဉ်အသုံးပြုနေရသည့် အိမ်အသုံးအဆောင်ပစ္စည်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါအိမ်ထောင်စုများတွင် ဝန်ထမ်း ၆၀၅ ဦးနှင့် မှီခိုသူ ၁၁၈၁ ဦး စုစုပေါင်း ၁၇၈၆ ဦး စာရင်းအရသိရှိရကြောင်း၊ ထိုသို့စာရင်းများ ကောက်ယူရာတွင် အဆင့်ဆင့်လုပ်ဆောင်ရသောကြောင့် ကြန့်ကြာမှုများရှိသည့်အတွက် ဝန်ကြီးများကိုယ်တိုင် စိစစ်ဆောင်ရွက်ပေးရန် ပြောကြားလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မိုးရာသီအမီ ဝန်ထမ်းများ လုံလုံခြုံခြုံဖြင့် အမိုးအကာအောက်နေထိုင်နိုင်ရန်အတွက် Prefabricated House/ Office များကို သံရုံးမှတစ်ဆင့် အကူအညီတောင်းခံခဲ့မှုကြောင့် Prefabricated Office အလုံးရေ ၅၀၀ နှင့် Prefabricated House အလုံးရေ ၄၅၀၀ ရရှိပြီး ဖြစ်ကြောင်း။
အဆိုပါရောက်ရှိလာသည့် Prefabricated House/ Office များအနက် ၃ ပုံ ၂ ပုံခန့် ဖြန့်ခွဲပေးပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်းဖြန့်ဝေပေးလျက်ရှိကြောင်း၊ ထို့ပြင် စက်သုံးဆီအနေဖြင့်လည်း ဒီဇယ် ဂါလန် ၇ ဒသမ ၉ သန်းနှင့် ဓာတ်ဆီ ဂါလန် ၆ သန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာနှင့် ပြန်လည်ထူထောင်ရေး ကာလအတွင်း လိုအပ်သလိုအသုံးပြုနိုင်ရေးထောက်ပံ့ပေးအပ်ခဲ့မှုအပေါ် သယ်ယူပို့ဆောင်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များတွင် စနစ်တကျသုံးစွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းအပြင် ကျန်အလှူရှင်နိုင်ငံများကလည်း ယာယီကျောင်းဆောင်များ၊ ရုံးခန်းများ ပံ့ပိုးကူညီပေးလျက်ရှိကြရာ နိုင်ငံတော်အစိုးရကိုယ်စား DMC အနေဖြင့် ကျေးဇူးများစွာ တင်ရှိမှုကိုလည်း ဆက်လက်ဖော်ပြလိုပါကြောင်း ပြောကြားသည်။
ဆက်လက်ပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း ပြီးခဲ့သည့် မေ ၃၀ ရက်တွင် ကျင်းပခဲ့သည့် ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲတွင် မဏ္ဍိုင်ကြီးသုံးရပ်ကို ထည့်သွင်းဆွေးနွေးသွားကြောင်း၊ အဆိုပါမဏ္ဍိုင်ကြီး သုံးရပ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပေးမှုများနှင့် လူမှုကာကွယ်ရေး၊ အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေး၊ စီးပွားရေးပြန်လည်ရှင်သန်ခြင်းနှင့် ကြံ့ကြံ့ခံပြီး ခြုံငုံမှုရှိသည့် ပြုပြင်ပြောင်းလဲမှုများ စသည်တို့ဖြစ်ကြောင်း၊ အဆိုပါသုံးရပ်ကို မိမိတို့အနေဖြင့် DMC အနေဖြင့်လည်း လုပ်ငန်းလမ်းညွှန်ချက်အဖြစ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပထမမဏ္ဍိုင်နှင့် ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်များကို နိုင်ငံတော်ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ငလျင်လှုပ်ခတ်ပြီး ၇၂ နာရီအတွင်း လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ လူမှုကာကွယ်ရေးကိစ္စရပ်တွင် ငလျင်ဒဏ်သင့်ပြည်သူများနှင့် ဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများကို အားလုံးဝိုင်းဝန်းပြီး အမြန်ဆုံးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ဆောင်ရွက်ဆဲလည်းဖြစ်ကြောင်း၊ ဒုတိယမဏ္ဍိုင်နှင့် ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ပြန်လည်တည်ဆောက်ရုံသာမက ပိုမိုကောင်းမွန်သည့် လူမှုအဆင့်အတန်းနှင့် လူမှုဝန်းကျင်ပြန်လည်တည် ဆောက်နိုင်ရေးကို လမ်းညွှန်မှာကြားထားကြောင်း၊ မိုခါ၊ ရာဂီမုန်တိုင်းတို့တွင်ပျက်စီးသွားခဲ့သည်များကို အသစ်ပြန်လည်တည်ဆောက်ရာတွင် မူလထက်သာလွန်ကောင်းမွန်အောင်ဆောင်ရွက်ရမည့် မူဝါဒရှိပြီးဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံ့စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည့် MSME လုပ်ငန်းများအား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကိုယ်တိုင် ငလျင်လှုပ်ခတ်ပြီးလျှင်ပြီးချင်း စက်ရုံ၊ အလုပ်ရုံနှင့် စက်မှုဇုန်များသို့ သွားရောက်၍ ပျက်စီးဆုံးရှုံးခဲ့မှုများကို MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ လိုအပ်ချက်များနှင့် နိုင်ငံတော်မှကူညီပြီး ပံ့ပိုးပေးစေလိုသည့် အချက်များကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် ထိရောက်စွာ ဆွေးနွေးအဖြေရှာခဲ့ကြောင်း၊ ပျက်စီးမှုအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတွင် MSME လုပ်ငန်းပေါင်း ၃၀၆ ခု ရှိကြောင်း၊ ပျက်စီးဆုံးရှုံးသွားခဲ့သည်များကို အမြန်ဆုံးပြန်လည်ကုစား၍ လုပ်ငန်းများလည်ပတ်နိုင်ရေး အဆင့်ဆင့် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ၏ ငွေကြေးလိုအပ်ချက်များအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ သို့မဟုတ် MSME ရန်ပုံငွေအပြင် ဘဏ်များနှင့် ချိတ်ဆက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အမှန်တကယ်ငွေကြေးလိုအပ်သည့် လုပ်ငန်းရှင်များအတွက် ပုဂ္ဂလိကဘဏ်များမှ ငွေကြေးထုတ်ချေးရာတွင် သက်သာသည့် အတိုးနှုန်းဖြင့် ထုတ်ချေးပေးနိုင်ရေး ဝိုင်းဝန်းကူညီပေးကြရန် ပြောကြားလိုကြောင်း။
ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်
တတိယမဏ္ဍိုင်နှင့်ပတ်သက်၍ သဘာဝဘေးအလွန်အမျိုးသားအဆင့်အနေဖြင့် နောက်တစ်ကြိမ် မဖြစ်စေရန် စနစ်တကျစီမံချက်များရေးဆွဲပြီး ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ပျက်စီးသွားခဲ့သည်များကို အသစ်ပြန်လည်တည်ဆောက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲအောင်နှင့် ငလျင်လှုပ်ခတ်လာမည်ဆိုပါက ပြိုကျပျက်စီးခြင်းများ မရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည်တည်ဆောက်ကြရမည့် အဆောက်အအုံများ အားလုံးသည် မြေသားစမ်းသပ်မှုအပါအဝင် ရစ်(ခ်)တာစကေး ၈ အထိ ခံနိုင်သည့် အဆောက်အအုံများဖြစ်စေရန် ဆောက်လုပ်ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များအဖြစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း နိုင်ငံပေါင်း ၄၆ နိုင်ငံတွင် မိုးခေါင်မှု ၂ ကြိမ်၊ ငလျင် ၉ ကြိမ်၊ ရေကြီးမှု ၃၂ ကြိမ်၊ မုန်တိုင်း ၃၄ ကြိမ်၊ မီးတောင်ပေါက်ကွဲမှု ၁ ကြိမ် နှင့် တောမီး ၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် မှ ၂၀၂၅ ခုနှစ် ၁၀ နှစ်ကို ပြန်ကြည့်မည်ဆိုပါက မိုးခေါင်ရေရှားမှု အနည်းဆုံး ၂ ကြိမ်မှ အများဆုံး ၁၂ ကြိမ်၊ ငလျင်းဘေးအနည်းဆုံး ၇ ကြိမ်မှ အများဆုံး ၁၉ ကြိမ်၊ ရေဘေးအနည်းဆုံး ၄၆ ကြိမ်မှ အများဆုံး ၉၇ ကြိမ်ဖြစ်ကြောင်း၊ ၎င်းအနက် ၂၀၂၄ ခုနှစ်တွင် တစ်ကမ္ဘာလုံးအနေဖြင့် ရေဘေး ၇၁ ကြိမ် ကျရောက်ခဲ့ကြောင်း၊ မုန်တိုင်း အနည်းဆုံး ၂၁ ကြိမ်မှ အများဆုံးအကြိမ် ၆၀ အထိ ဖြစ်ပွားခဲ့ကြောင်း၊ မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်မှာ ၃ ကြိမ်မှ ၅ ကြိမ် နှင့် တောမီးလောင်မှု ၁ ကြိမ်မှ ၉ ကြိမ်အထိဖြစ်ကြောင်း၊ အထက်ပါအချက်များကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက ရေဘေးအန္တရာယ်နှင့် မုန်တိုင်းအန္တရာယ်မှာ အများဆုံးဖြစ်သည်ကို တွေ့ရှိရပါကြောင်း သတိပြုကြရမည်ဖြစ်ပါကြောင်း။
စဉ်ဆက်မပြတ် သတိပေးထုတ်ပြန်ပေးရမည်
မိမိတို့နိုင်ငံတွင်လည်း ယခုအခါ မိုးတွင်းကာလရောက်ရှိလာပြီဖြစ်သည့်အတွက် ဖြစ်လာနိုင်သည် သဘာဝဘေးအန္တရာယ်များကို တွက်ချက်၍ ကြိုတင်ကာကွယ်တားဆီးခြင်းဖြင့် ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အမျိုးသားအဆင့်စီမံချက်များလည်း ရေးဆွဲထားရှိပြီးဖြစ်သည့်အတွက် စီမံချက်များအပေါ် တာဝန်ရှိသူများက ကြိုတင်ကာကွယ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ရေးဘေးနှင့်အတူ မုန်တိုင်းဘေးအန္တရာယ်ကိုလည်း သတိထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၁၀ နှစ်အတွင်း လအလိုက် သဘာဝဘေးအန္တရာယ်ဖြစ်ခဲ့မှုများကို လေ့လာဆန်းစစ်ပြီး မျက်ခြည်မပြတ် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာနနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စောင့်ကြည့်လေ့လာနေရမည်ဖြစ်ကြောင်း၊ လေ့လာကြည့်ရှုရန် European Centre for Medium-Range Weather Forecasts (ECMWF) website-https://www.ecmwf.int ၊ National Hurricane Center မှ Global Forecast System (GFS) Website-https://www.ncei.noaa.gov/products/weather-climate-models/global-forecast နှင့် မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန Website ဖြစ်သည့် http://www.dmh.gov.mm Website များရှိကြောင်း၊ အဆိုပါ Website များကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနကလည်း ရုပ်မြင်သံကြားများနှင့် နေ့စဉ်ထုတ်သတင်းစာများတွင် စဉ်ဆက်မပြတ် သတိပေးထုတ်ပြန်ပေးရမည်ဖြစ်ကြောင်း။
ပြည်သူများနှင့် ဝန်ထမ်းများ မိုးရာသီတွင် လုံလုံခြုံခြုံအမိုးအကာအောက်နေထိုင်ရန် ယာယီအားဖြင့် ဆောင်ရွက်ပေးပြီးဖြစ်သော်လည်း မလုံလောက်သေးဘဲ လိုအပ်ချက်များရှိပါက အစည်းအဝေးတွင် သာမဟုတ်ဘဲ အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာ ကော်မတီများနှင့် တာဝန်ရှိသူများကို တင်ပြစေလိုကြောင်း၊ သို့မှသာ အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ စာရင်းဇယားများ ကောက်ယူရာတွင် မှန်မှန်ကန်ကန်နှင့် တိတိကျကျဖြစ်ပြီး အချိန်ကုန်မှုမရှိဘဲ အဆင့်ဆင့်စိစစ်၍ တင်ပြစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ၊ ပြည်သူများ လုံလုံခြုံခြုံဖြင့် နေထိုင်နိုင်ရေးကိစ္စရပ်များတွင် အတတ်နိုင်ဆုံးအဆင်ပြေစေရေး ရရှိလာသည့် အလှူငွေများ၊ နိုင်ငံတော်မှ ထည့်ဝင်ထားသည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာရန်ပုံငွေများမှ ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ကျန်ရှိသည့် လျှပ်စစ်ကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ စသည်များကို စဉ်ဆက်မပြတ် ပြန်လည်ထူထောင်ရေးကာလအတွင်း မူလအခြေအနေထက် ပိုမိုကောင်းမွန်စေရေး ပြုပြင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အနှောင့်အယှက်များရှိမည်ဖြစ်သော်လည်း အကောင်းဆုံးကျော်လွှားရမည် ဖြစ်ကြောင်း၊ စီးပွားရေးဆိုင်ရာများအနေဖြင့် MSME လုပ်ငန်းသည် နိုင်ငံ့စီးပွားရေးအတွက် အဓိကတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည့် လုပ်ငန်းဖြစ်သည့်အတွက် ငလျင်ဘေးအန္တရာယ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ MSME လုပ်ငန်းများ၏ ထိခိုက်ပျက်စီးခဲ့မှုများကို မြန်မြန်ဆန်ဆန်ပြုပြင်ပြီး အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များကလည်း တင်ပြထားသည့် ကိစ္စရပ်များအပေါ် ခွင့်ပြုချက်ရပြီးသည်နှင့် ကူညီ ထောက်ပံ့ရေးပစ္စည်းများကို ပြည်သူများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးနိုင်ရန်လိုအပ်ကြောင်း၊ ပြန်လည်ထူထောင်ရေးကာလတွင် လိုအပ်သည့် ဆောက်လုပ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေးနှင့် ရပ်ဆိုင်းသွားသည့် ဘိလပ်မြေစက်ရုံများ အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ အခြေခံပညာကျောင်းများ ဇွန် ၂ ရက် က စတင်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများ လုံလုံခြုံခြုံဖြင့် စိတ်အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးပြီးဖြစ်သော်လည်း လိုအပ် ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြပေးစေလိုကြောင်း၊ ကျန်းမာရေးဆိုင်ရာအနေဖြင့် ယာယီစခန်းများတွင် ငလျင်ဘေးသင့်ဝန်ထမ်းများ၊ ပြည်သူများ စုဖွဲ့နေထိုင်ကြသဖြင့် ယနေ့ခေါင်းပြန်ထောင်လာသော ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲနှင့် ပတ်သက်၍ ကူးစက်ပျံ့နှံ့မှုများ လုံးဝမရှိစေရေးထုတ်ပြန်ထားသည့် SOP များအတိုင်း ဆောင်ရွက်ပေးရေး၊ ပြည်သူများလိုက်နာနေထိုင်စေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဆောင်ရွက်ရန်ကျန်အချက်များ၊ ရေတိုရေရှည်အစီအမံများနှင့် လိုအပ်ချက်များကို တင်ပြသွားကြရန် လိုအပ်ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ဒေါက်တာစိုးဝင်းတို့က ငလျင်ဘေးဒဏ်သင့်ဒေသများ၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်ပေးနေမှု၊ ငလျင်ဘေးဒဏ်သင့်အဆောက်အအုံများအတွင်း ကျန်ရှိနေသည့် ပစ္စည်းများအား ကူညီရှာဖွေဆောင်ရွက်ပေးနေမှု၊ ငလျင်ဘေးဒဏ်သင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ငလျင်ဘေးသင့်ရုံးများနှင့် ဝန်ထမ်းများအတွက် Prefabricated House/ Office များ တည်ဆောက်၍ နေရာချထားပေးမှု၊ ငလျင်ဘေးဒဏ်သင့်ပြည်သူများနှင့် ဝန်ထမ်းများအား ထောက်ပံ့ပေးနေမှု၊ ပျက်စီးဆုံးရှုံးမှုများ၏ မူလတန်ဖိုးနှင့် လက်ရှိကာလတန်ဖိုးတွက်ချက်ထားရှိမှု၊ နိုင်ငံတကာမှ ထောက်ပံ့ရေးပစ္စည်းများ ရောက်ရှိလာမှုနှင့် ငလျင်ဒဏ်သင့်ဒေသများသို့ ဖြန့်ခွဲပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ယာယီရုံးများ ဦးစားပေးဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့မှု၊ စစ်ဆေးရေးအဖွဲ့များဖြင့် ရုံး၊ ဝန်ထမ်းအိမ်ရာများ၊ အဆောင်များနှင့် အထူးအဆောက်အအုံများအား စစ်ဆေးခဲ့မှုနှင့် စစ်ဆေးတွေ့ရှိချက်များ၊ ပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများကို ဖတ်ကြားတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝန်ကြီးဌာနများအလိုက်ရုံး၊ အဆောက်အအုံ၊ ဝန်ထမ်းအိမ်ရာများ အကဲဖြတ်အရောင်သတ်မှတ်ချက်များအလိုက် ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ ရုံးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဝန်ထမ်းများအား ပြန်လည်နေရာချထားမှု၊ ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးနေမှု၊ နိုင်ငံတကာအကူအညီများအား စနစ်တကျစိစစ်လက်ခံပြီး ငလျင်ဒဏ်သင့်ဒေသများသို့ ဖြန့်ခွဲပေးနေမှု၊ MSME လုပ်ငန်းများ ချေးငွေများရယူနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ပေးထားမှု၊ ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများ၊ သံရည်ကြိုစက်ရုံများ လည်ပတ်နိုင်မှုနှင့် ပစ္စည်းများ ထုတ်လုပ်နေမှု၊ ပြန်လည်ထူထောင်ရေးကာလ ၁၈ လအတွင်း သံချောင်းလုံးနှင့် သံမဏိလိုအပ်ချက်များ၊ ငလျင်ဒဏ်သင့်ကျောင်းများနှင့် တက္ကသိုလ်များ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ကျောင်းများ ဖွင့်လှစ်၍ ပညာသင်ကြားနေမှု၊ ငလျင်ဒဏ်သင့်ဒေသများတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု၊ ငလျင်နှင့် ပတ်သက်သည့် သတင်းမှန်များကိုလည်း နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် ပြည်သူများထံသို့ ထုတ်ပြန်ပေးနေမှု၊ လမ်း၊ တံတားများ ထိခိုက်ပျက်စီးခဲ့မှုနှင့် ပြုပြင်ပြီးစီးမှု၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် ဆည်မြောင်း၊ တာတမံများအား ပြန်လည်ပြုပြင်ပြီးစီးမှုနှင့် စိုက်ပျိုးရေများ ဖြန့်ဝေပေးနေမှု၊ ကယ်ဆယ်ရေးနှင့် ပို့ဆောင်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော် (လေ) မှ လေယာဉ်၊ ရဟတ်ယာဉ်များ အဆင်သင့်စုဖွဲ့ထားရှိမှုနှင့် ကဏ္ဍအလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်