Skip to main content

ပခုက္ကူမြို့နယ်အတွင်း အများပြည်သူ သွားလာအသုံးပြုနေသည့် လမ်းများပေါ်၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းများ ထပ်မံတွေ့ရှိသဖြင့် ဖယ်ရှားရှင်းလင်း

နေပြည်တော် ဇွန် ၆

PDF အမည်ခံအကြမ်းဖက်သမားများသည် အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန်၊ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နေမှုများကို နှောင့်ယှက်ရန်၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ အခက်အခဲများ ဖြစ်ပေါ်စေရန်နှင့် အကြောက်တရားများ ပိုမိုဖြစ်ပေါ်စေရန် ရည်ရွယ်၍ မြို့၊ ရွာ၊ ရပ်ကွက်၊ ကျေးရွာများ၊ လမ်း၊ တံတားများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများကို လုပ်ဆောင်လျက်ရှိရာ ဇွန် ၁ ရက်တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှ ပေါက်မြို့သို့သွားသည့် အများ ပြည်သူသုံးလမ်းများပေါ်၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။

ယနေ့တွင်လည်း ပခုက္ကူမြို့နယ်အတွင်းရှိ အများပြည်သူသုံးလမ်းများပေါ်၌ လက်လုပ်မိုင်းများ တွေ့ရှိကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ယနေ့မွန်းလွဲပိုင်းတွင် ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ကျေးရွာနှင့် ကမ္မမြို့အကြား ကားလမ်းမဘေးဘယ်ညာတစ်လျှောက်၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်းများဖြစ်သည့် ကျောက်စည်မိုင်း၊ သံပိုက်မိုင်း၊ ပီပါမိုင်း၊ သံပုံးမိုင်း၊ ငါးဂါလန်ရေပုံးမိုင်း၊ နင်းမိုင်း၊ မြေအိုးမိုင်း၊ ရေသန့်ဘူးကြီးမိုင်းနှင့် ကျောက်ပုံးမိုင်း၊ စုစုပေါင်း မိုင်း ၂၂ လုံးတို့ကို ထပ်မံဖော်ထုတ်တွေ့ရှိခဲ့သဖြင့် အများပြည်သူများ အသက်အန္တရာယ်မဖြစ်ပေါ်စေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

PDF အမည်ခံအကြမ်းဖက်သမားများ၏ ယခုကဲ့သို့ ပြည်သူများအပေါ် ထိခိုက်ပျက်စီးဒဏ်ရာရရှိစေရန် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များအပေါ် ပြည်သူလူထုက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းစဉ်များအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်