Skip to main content

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများအတွက် လယ်ယာကုန်ထုတ်လုပ်ငန်းများမှ တိုးတက်ရှာဖွေပေးနိုင်ရေး ကြိုးပမ်း

နေပြည်တော် ဇွန် ၆

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်ရန် စီမံဆောင်ရွက်ရာတွင် စားရေရိက္ခာဖူလုံရေးသာမက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံ၏ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအတွက် အထောက်အပံ့ဖြစ်စေရန် လယ်ယာကုန်ထုတ်လုပ်ငန်းများမှ ပြည်တွင်း ပြည်ပ ဝင်ငွေတိုးတက်ရှာဖွေပေးနိုင်ရေး ကြိုးပမ်းကြရန်လိုအပ်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲတွင် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးလုပ်ငန်းများအနေဖြင့် ဒေသအလိုက် လျာထားဧကပြည့် စိုက်ပျိုးရန်နှင့်စိုက်ဧရိယာအားလုံး ပန်းတိုင်အထွက်ရရှိရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ မွေးမြူရေးကဏ္ဍတွင်လည်း သတ်မှတ်တိရစ္ဆာန်ကောင်ရေ အပြည့်အဝမွေးမြူလုပ်ကိုင်ရေးနှင့် ဖြစ်ထွန်းအောင်မြင်မှုရှိအောင် စီမံဆောင်ရွက်ပြီး ဒေသအလိုက် အသားစားသုံးမှုလိုအပ်ချက်နှင့်အညီ ထုတ်လုပ်နိုင်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ အလားတူ ငါးလုပ်ငန်းတွင်လည်း ပြည်ပပို့ကုန်များ တိုးတက်ထုတ်လုပ်ပြီး နိုင်ငံ့ဝင်ငွေတိုးတက်ရှာဖွေနိုင်ရေး လမ်းညွှန်မှုပြုထားပါကြောင်း။

အဆိုပါလုပ်ငန်းများ အောင်မြင်ရေးအတွက် တောင်သူကိုယ်တိုင် အပြည့်အဝပူးပေါင်းဆောင်ရွက်လာကြစေရန်လိုအပ်သဖြင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများက အုပ်ချုပ်ရေးနည်းလမ်း၊ စည်းရုံးရေးနည်းလမ်းများဖြင့် ထိရောက်စွာဆောင်ရွက်နိုင်ရန် ယခုဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဆွေးနွေးချက်များအပေါ် ဝိုင်းဝန်းသုံးသပ်၍ လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ပြီး သီးနှံစတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းသိုလှောင်သည်အထိ အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံမှန်ကန်စွာ ဆောင်ရွက်နိုင်ကြစေရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ နေပြည်တော်နှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ဝင် လယ်ယာကဏ္ဍဆိုင်ရာဝန်ကြီးများနှင့် တာဝန်ရှိသူများက ဒေသအလိုက် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ လျာထားချက်နှင့်အညီ အောင်မြင်စွာဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးများက လုပ်ငန်းရပ်တစ်ခုချင်းအပေါ် သုံးသပ်ဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးလုပ်ငန်းဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနများမှ တိုင်းဒေသကြီး ပြည်နယ်ဦးစီးဌာနမှူးများ တက်ရောက်ကြပြီး နေပြည်တော်နှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ဝင် လယ်ယာကဏ္ဍဆိုင်ရာဝန်ကြီးများနှင့် တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်