ရန်ကုန် ဇွန် ၆
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးဝန်ထမ်းများ၏ အခြေခံပညာကျောင်းနေအရွယ် သားသမီးများ ဒုတိယအကြိမ် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကော်မရှင်ရုံး၌ ပြုလုပ်ရာ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ အခြေခံပညာကျောင်းနေအရွယ်သားသမီးများ တက်ရောက်ကြသည်။
ဦးစွာ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ဝန်ထမ်းများအနေဖြင့် သားသမီးများအတွက် ပညာအမွေပေးနေကြခြင်းကို ကော်မရှင်က ကူညီပံ့ပိုးပေးခြင်းဖြစ်ကြောင်း၊ ပညာသင်ယူခြင်းသည် အသိပညာ၊ ဗဟုသုတများ ပြည့်စုံစေပြီး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရရှိကြကာ ဘဝတန်ဖိုးကို မြင့်တက်စေမည်ဖြစ်ကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းတွင် ပညာသင်ယူခွင့်၊ ပညာသင်ကြားခွင့်တို့နှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာထားသည့်အပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း နိုင်ငံသားတိုင်းပညာသင်ကြားပိုင်ခွင့်ကို ပြဋ္ဌာန်းထားပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အမိနိုင်ငံတော်၏ ကျေးဇူးတရားကို သိရှိနားလည်ပြီး ပညာစွမ်းရည်ဖြင့် နိုင်ငံတော်ကို ပြန်လည်အလုပ်အကျွေးပြုနိုင်မည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်လာကြစေရန် ကြိုးစားစေလိုကြောင်းပြောကြားသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များက ကော်မရှင်ရုံးဝန်ထမ်းများ၏ အခြေခံပညာကျောင်းနေအရွယ် သားသမီး ၁၇ ဦးအား ပညာသင် စရိတ်များကို ထောက်ပံ့ပေးအပ်ရာ ကျောင်းသား မိဘဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်