နေပြည်တော် ဇွန် ၅
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သောမန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သောတပန်ရပ်ကွက်ရှိ သကျဓီတာ သီလရှင်စာသင်တိုက်၊ နန်းဦးမြို့သစ် သမိုင်းဝင်ရွှေကြက်တောင်စေတီ၊ သောတပန်ရပ်ကွက် ရွှေဟင်္သာကျောင်းတိုက်နှင့် ခေမာသီဝံချောင် ကျောင်းတိုက်များ၌ သာသနိကအဆောက်အဦများ မိုးမကျမီဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် စက်ယန္တရား အင်အားများတိုးချဲ့၍ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းနေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ရွာထောင်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဒီဇယ်ရှိစာသင်ကျောင်းဆောင်(၂)ဆောင် ပြန်လည်ပြုပြင်ခြင်းနှင့် ကျောင်းဝတ်စုံများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး စာသင်ကျောင်းဆောင်(၂)ဆောင်နှင့် ကျောင်းဝတ်စုံများအား ထောက်ပံ့ပေးအပ်ကာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြပြီး ပြန်လည်ပြုပြင်ထားသည့် ကျောင်းဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတောင်ရှိ ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများ ပြန်လည်တည်ဆောက်ရာအတွက် လျာထားမြေနေရာပေးရန် ရွာထောင်ရပ်ကွက်ရှိ မြေနေရာအချို့အား တာဝန်ရှိသူများနှင့် ကွင်းဆင်ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် စစ်ကိုင်းမြို့၊ စီတီးရပ်ကွက် ရာဇမဏိစူဠာကောင်းမှုတော်စေတီအတွင်း ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သာသနိကအဆောက်အအုံများအား တပ်မတော်သားများက ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် ဖယ်ရှားရှင်းလင်းနေမှုများအားလည်းကောင်း၊ ကျောက်ဆစ်ရပ်ကွက် ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော နည်းပညာတက္ကသိုလ်(စစ်ကိုင်း) ကျောင်းဆောင်အတွင်းရှိ ကျောင်းသုံးပစ္စည်းများ သယ်ယူရွေ့ပြောင်းပေးနေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်၊ မေဃဂီရိရပ်ကွက်၊ မဟာဇေယျာဘုံရပ်ကွက်နှင့် အနိပ်တော်ရပ်ကွက်တို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိ လူနေအဆောက်အအုံများတွင် ဖြိုချရှင်းလင်းရန်ကျန် အဆောက်အအုံများအား လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ ဖြိုချပြီးအပျက်အစီးများ အပြီးသတ်ရှင်းလင်းနေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
၎င်းနောက် နေ့လည်ပိုင်းတွင် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်နှင့် စိန်ပန်းရပ်ကွက်တို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အန္တရာယ်ရှိ လူနေအဆောက်အအုံများတွင် ဖြိုချရှင်းလင်းရန်ကျန် အဆောက်အအုံများအား လုပ်ငန်းဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ ဖြိုချပြီး အပျက်အစီးများ အပြီးသတ်ရှင်းလင်းနေမှုအခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ရှားတောလေးကျေးရွာရှိ စွယ်တော်မြတ် စေတီတော်သို့သွားရောက်၍ စေတီတော်ပတ်ဝန်းကျင်နှင့် ဗောဓိငါးထောင်နဒ္ဒဝန်ဥယျာဉ်တော်အတွင်း အဖွဲ့အစည်းအသီးသီးမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအားလည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားရင်ပြင်တော်ရှိ ကျောက်ပြားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေသည့် အခြေအနေများအားလည်းကောင်း၊ အက်ကွဲသွားသော ဂန္ဓကုဋီတိုက် အောက်ခြေလှေကားဝဲ/ယာရှိ မကန်းရုပ်အောက်ခြေနေရာအက်ကွဲကြောင်းအတွင်း အသိအမှတ်ပြုလက်မှတ်ရ အင်ဂျင်နီယာ(PE)အဖွဲ့များ၏ စစ်ဆေးချက်အရ သဲများလောင်းထည့်ပြုပြင်နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှု့စစ်ဆေး၍ စေတီတော်၏ ထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်များရှိ ရတနာပစ္စည်းတော်များအား စနစ်တကျ မှတ်တမ်းပြုစုထားရှိရေးမှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ မဟာသုန္ဒရာ ရာမပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အနန္တဂုဏ်ရည်ငါးထပ်ဓမ္မဗိမာန်တော်ကြီး၏ ခေါင်းမိုးများနှင့် အမိုးကိုင်းမျက်နှာကျက်များ ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ ကျောင်းအတွင်းရှိ ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးခဲ့သော မဟာလောကထွဋ်ခေါင်စေတီတော်အား ပြန်လည်ပြုပြင်ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင် နှင့်တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ မင်းရဲဆည်အတွင်း၌ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် Kyaukse Rescue (လူမှုကယ်ဆယ်ရေးအဖွဲ့)မှ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် Speed Boat မောင်းနှင်လေ့ကျင့်မှုနှင့် ရေပြင်အသက်ကယ်ဆယ်ရေးလုပ်ငန်းများ လေ့ကျင့်ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး သဘာဝဘေးအန္တရာယ်များအတွက် မြေပြင်၌ အမှန်တကယ်လက်တွေ့ အသုံးချနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းမှာကြားခဲ့ကာ လေ့ကျင့်ဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ကျောက်ဆည်မြို့၊ ရွာနိုင်ရပ်ကွက်ရှိ ရွှေကျီးနားကျောင်းတိုက်တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြင်ဆင်ဆောက်လုပ်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုခဲ့ပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းသည်။ ဆက်လက်၍ စဉ့်ကိုင်မြို့နယ်ရှိ ဘောဂဗလပလတ် စတစ်ဗူးခွံစက်ရုံ၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများနှင့် စက်ရုံလုပ်ငန်းများ ပြန်လည်လည်ပတ်နေမှု အခြေအနေများအားလည်းကောင်း၊ ကျောက်ဆည်မြို့အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများနှင့် လူနေအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေများအားလည်းကောင်း သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။