နေပြည်တော် ဇွန် ၄
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရွှေညောင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဖူဆယ်အားကစားရုံဆောက်လုပ်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အုတ်တံတိုင်းများကို အားကစားကွင်းလုံခြုံရေးအတွက် အမြန်ပြန်လည်ပြုပြင်ရန်၊ ဘောလုံးကွင်းကို ရာသီမရွေးကစားနိုင်သည့် အားကစားကွင်း ဖြစ်အောင် အမြဲပြုပြင်ထိန်းသိမ်းထားရှိရန်နှင့် ပွဲကြည့်စင်ပါ မီတာ ၄၀၀ ပြေးလမ်း ဖောက်လုပ်ထားရှိ နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်သွားရန် တာဝန် ရှိသူများအား မှာကြားသည်။
ထို့နောက် မြန်မာ့ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ယူကျင်းပနေသည့် ၂၀၂၅ ခုနှစ် FIFA MFF U-15 Youth League ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် U-15 Shan Southern FC ဘောလုံးအသင်း လေ့ကျင့်နေမှုကိုလည်းကောင်း၊ ကလောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားရုံ ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရမည်းသင်း မြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်တို့တွင် ငလျင်ဘေးဒဏ်ကြောင့် အုတ်တံတိုင်းများ ပျက်စီးခဲ့မှုအခြေအနေကိုလည်းကောင်း၊ အားကစားကွင်းနှင့် မိုးလုံလေလုံ အားကစားရုံတို့ကိုလည်းကောင်း၊ တပ်ကုန်းမြို့နယ် အားကစားကွင်းကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ လိုအပ်ချက်များနှင့် တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်