နေပြည်တော် ဇွန် ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန် ၁ ရက်မှစ၍ ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းဘေးရှိ ရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ပြည်သူများသည် ရေဝင်ရောက်မှုမရှိသည့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၌ ခေတ္တတည်းခိုနေထိုင်လျက်ရှိသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများမှ လှူဒါန်းသော စားသောက်ဖွယ်ရာများသည် ယနေ့မွန်းလွဲပိုင်းတွင် နယ်မြေခံလေတပ်စခန်းဌာနချုပ်သို့ တပ်မတော်လေယာဉ်ဖြင့်ရောက်ရှိလာပြီး ရေဘေးသင့်ပြည်သူများထံသို့ အချိန်မီလှူဒါန်းနိုင်ရေး သယ်ယူပို့ဆောင်နေမှုအား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ရာဇာထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါစားသောက်ဖွယ်ရာများကို ရေဘေးလွတ်ရာ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် တည်းခိုလျက်ရှိသည့် ရေဘေးသင့်ပြည်သူများထံသို့ သွားရောက်လှူဒါန်းသည်။
အလားတူ ပူတာအိုမြို့တွင်လည်း အဆိုပါစားသောက်ဖွယ်ရာများကို ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပူတာအိုဒေသ ရေဘေးသင့်ပြည်သူများကို လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။