နေပြည်တော် ဇွန် ၃
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများကို ဇွန် ၂ ရက်မှ စတင်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများက အေးချမ်း ပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိရာ ကျောင်းများ စတင်ဖွင့်လှစ်ပြီး ဒုတိယရက်ဖြစ်သော ယနေ့တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၀၃၁၀၁၂ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား ကျောင်းသူများအား ကျောင်းအပ်နှံချိန်တွင် သင်ရိုးညွှန်းတမ်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ထုတ်ပေးပြီး KG နှင့် မူလတန်းကျောင်းသား ကျောင်းသူများကို ကျောင်းဝတ်စုံများလည်း အခမဲ့ပေးအပ်လျက်ရှိသည်။ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျနေသည့် ကျောင်းသား ကျောင်းသူများကိုလည်း ဆက်လက်ကျောင်းအပ် လက်ခံပေးလျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်းများတွင် စာသင်ခုံများ ကြိုတင်နေရာချထားပေးခြင်း၊ ကျောင်းကြို/ပို့ယာဉ်များ စီစဉ်ပေးခြင်း၊ ကျောင်းများ သန့်ရှင်း သာယာလှပရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးတို့အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၌ ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ၏ ကျောင်းသင်ခန်းစာများ သင်ကြား/ သင်ယူနေမှုတို့ကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
သတင်းစဉ်