နေပြည်တော် ဇွန် ၂
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ ဆွာချောင်းတံတားနှင့် လမ်းပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၅/၁နှင့် ၁၆၅/၃ အကြားရှိ ဆွာချောင်းတံတား ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ဆွာချောင်းတံတားသည် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် အသွား၊ အပြန်တံတားနှစ်စင်းလုံး ထိခိုက်ပျက်စီးခဲ့သဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်း အပြန်လမ်းဘက်အပိုင်းတွင် အသစ်ပြန်လည်တည်ဆောက်လျက်ရှိပြီး အသွားလမ်းဘက်အပိုင်းတွင် ယာယီသွားလာ၍ ရရှိနိုင်ရေး P7 ကို ဗဟိုထား၍ နှစ်လွှာတစ်ထပ် ယာယီဘေလီတံတားပေ ၁၉၀ တပ်ဆင်ထားပြီး မေ ၃၀ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ယာဉ်များသွားလာမှုကြောင့် ဘေလီတံတား ကြမ်းခင်းကျိုးသွားသဖြင့် တံတားဦးစီးဌာနမှ တာဝန်ရှိသူများက ချက်ချင်းပြင်ဆင်ဆောင်ရွက်ခဲ့ရာ ည ၁၂ နာရီခွဲခန့်တွင် ပြင်ဆင်ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်များပုံမှန်အတိုင်း သွားလာ၍ရခဲ့ပြီဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အလားတူဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်နိုင်ရေးအတွက် ဘေလီတံတားနှင့် ဆက်စပ်ပစ္စည်းများကို အသင့်စုဆောင်းထားရှိ၍ စောင့်ကြပ်ကြည့်ရှုစစ်ဆေးလျက်ရှိပြီး ယာဉ်များသွားလာမှုမပြတ်တောက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၆၇/ ၇)မှ (၁၆၈/၀)ကြားတွင် လမ်းသားနိမ့်ကျမှုအတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်