Skip to main content

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် ဘုရားတောင်ကျေးရွာရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား PDF အမည်ခံအကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး၍ ဆုတ်ခွာထွက်ပြေး

နေပြည်တော် ဇွန် ၂

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH ၊ NUG ၊ PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကိုပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်အကြမ်းဖက်မှုများ၊ လမ်း၊ တံတားဖောက်ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူနေထိုင်လျက်ရှိသည့် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ယနေ့ညနေပိုင်းတွင် ဘုရားတောင်ကျေးရွာအနီးသို့အရောက်၌ KNDF နှင့် PDF အမည်ခံအကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုအား ခုခံနိုင်ခြင်းမရှိတော့သည့်အတွက် အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့ လွတ်လပ်စွာ ဆုတ်ခွာထွက်ပြေးနိုင်ရန် ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးကာကျေးရွာ၏ တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သဖြင့် ၎င်းတို့ဆုတ်ခွာရာနောက်သို့ ထက်ကြပ်လိုက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်မှ ကျေးရွာနေ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဒေသခံပြည်သူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်