နေပြည်တော် ဇွန် ၁
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ (၁၉) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အလှူငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) နှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) တို့၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးက အလှူငွေများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ဆေးရုံများအတွက် အလှူငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ ဆေးရုံအုပ်ကြီးများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) နှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) တို့၌ ဆေးကုသမှုခံယူနေသည့် လူနာများအား လှည့်လည်ကြည့်ရှု၍ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး ပင်လောင်းလမ်းဆုံနှင့် ကျောက်ချက်ကျေးရွာကြား လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးပြီး လမ်းမကြီးဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် စနစ်တကျရှင်းလင်းဆောင်ရွက်ရေး၊ Box Culvert များတွင် အမှိုက်များ ပိတ်ဆို့မှုမရှိစေရေး၊ လမ်းဧရိယာအတွင်း ကျူးကျော်အဆောက်အအုံများ မရှိစေရေးတို့ကို မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပင်လောင်းလမ်းဘေးရှိ စိုက်ကွင်းများနှင့် ရာဇဌာနီလမ်းမကြီး ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အောင်ကို (ပုဗ္ဗသီရိ)