နေပြည်တော် ဇွန် ၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ဧရာဝတီမြစ်ကမ်းဘေးရှိ ကြက်ပေါင်ခြံရပ်ကွက်၊ ရမ်ပူရပ်ကွက်၊ လယ်ကုန်းရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်နှင့် မြေမြင့်ရပ်ကွက်များအတွင်း ရေများ ၄ ပေမှ ၆ ပေခန့်အထိ ဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါမြစ်ရေဝင်ရောက်မှုဖြစ်ပွားရာနေရာများသို့ ယနေ့တွင် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး မြစ်ရေများထပ်မံဝင်ရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် စုဖွဲ့ပြင်ဆင်ထားလျက်ရှိသည်။
ထိုသို့ စုဖွဲ့ပြင်ဆင်ထားရှိမှုများကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ မြစ်ရေဝင်ရောက်လျက်ရှိသည့် ရပ်ကွက်များမှ ပြည်သူများကို အလှူငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။