နေပြည်တော် မေ ၃၁
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ၏ (၃၃)ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ စီမံကိန်းဦးဆောင်ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းထွဋ်က စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လ တွင်စတင်ခဲ့ပြီး အတိုးနှုန်းသက်သာစွာဖြင့် နှစ်တို(၃)နှစ်၊ နှစ်ရှည်(၅)နှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်း၊ စီမံကိန်းစတင်သည်မှ ဧပြီ ၃၀ ရက်အထိ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခု၊ မြို့နယ် ၁၈၇ ခုတို့မှ တောင်သူ ၅၈၁၆ ဦးသို့ ချေးငွေကျပ် ၂၄၇၄၄၈ ဒသမ ၀၇ သန်း ထုတ်ချေးပေးထားပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ် လေးခုရှိမြို့နယ် ၁၉ ခုမှ တောင်သူ ၆၁ ဦးသို့ ချေးငွေကျပ် ၅၄၈၁ ဒသမ ၂၀ သန်း ထုတ်ချေးခဲ့ကြောင်း၊ ချေးငွေရယူလိုသည့် တောင်သူများသို့ ချေးငွေသစ်များ စဉ်ဆက်မပြတ်ထုတ်ချေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း။
ချေးငွေစည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်သည့် ချေးငွေလျှောက်ထားသူ တောင်သူများအား စိုက်ပျိုး/ရိတ်သိမ်းချိန်အမီ ချေးငွေများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စနစ်တကျစိစစ်ထုတ်ချေးနိုင်စေရေး တာဝန်ရှိသူများက စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ချေးငွေအစီအစဉ်တွင် လယ်ယာသုံးစက်ကိရိယာများ ပါဝင် ရောင်းချသည့် ကုမ္ပဏီများအနေဖြင့်လည်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် တာဝန်ရှိသူများက Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို တင်ပြဆွေးနွေးကြသည်။
အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၁/၂၀၂၅-၂၀၂၆) ကြိမ်မြောက်အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းသည်။
အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ ပိုမိုတိုးတက်ထုတ်ချေးနိုင်ရေးအတွက် ကျင်းပပြီးစီးခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်အရ ပုဂ္ဂလိကဘဏ်များမှ ပိုမိုပါဝင်ဆောင်ရွက်နိုင်ရေး၊ ချေးငွေနှုန်းထားများ တိုးမြှင့်ပြင်ဆင်ဆောင်ရွက်ရေး၊ အာမခံထားရှိမှုများ ပြောင်းလဲပြင်ဆင်သတ်မှတ်ရေးတို့အတွက် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေဆိုင်ရာ ဘဏ္ဍာရေးစည်းမျဉ်း ပြင်ဆင်ခြင်းကို ဆောင်ရွက်နေကြောင်း၊ ဘဏ္ဍာရေးစည်းမျဉ်း ပြင်ဆင်ပြီးပါက PFI ဘဏ်များအဖြစ် ပုဂ္ဂလိကဘဏ်များ ပါဝင်လာ မည်ဖြစ်၍ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေများကို ပိုမိုကျယ်ပြန့်စွာ တိုးတက်ထုတ်ချေးနိုင်မည်ဖြစ်ကြောင်းနှင့် အစည်းအဝေးတက်ရောက်လာသူများကလည်း အကြံပြုဆွေးနွေး တင်ပြကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေများ ပိုမိုကျယ်ပြန့်စွာ ထုတ်ချေးနိုင်ရေးအတွက် ဘဏ္ဍာရေးစည်းမျဉ်းပြင်ဆင်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ထားရှိမှုအခြေအနေကို လည်းကောင်း၊ ထုတ်ချေးပြီးချေးငွေများမှ ပေးဆပ်ရန် အချိန်စေ့ရောက်သည့်ငွေများကို ပြန်လည်ကောက်ခံနေမှု အခြေအနေများကို လည်းကောင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို လည်းကောင်းရှင်းလင်းတင်ပြပြီး လုပ်ငန်းအဖွဲ့ဝင်များက ဝိုင်းဝန်း အကြံပြု ဆွေးနွေးတင်ပြကြသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီစက် ပိုင်ရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်