နေပြည်တော် မေ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၈) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အလုပ်တာဝန်ပေးခန့်အပ်မည့် ဝန်ကြီးဌာနခြောက်ခုမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း) ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစု ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)ကို စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၅၆၀၊ သိပ္ပံဘွဲ့ ၉၈၁ ဦး၊ B.Tech ဘွဲ့ ၁၃၉ ဦး၊ အင်ဂျင် နီယာ ဒီပလိုမာ ၈၅၈ ဦး စုစုပေါင်း ၂၅၃၈ ဦးတို့ကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အားပေးထောက်ပံ့ လေ့ကျင့်သင်ကြားပေးမှု၊ ကျောင်းသား ကျောင်းသူများ၏ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်လေ့လာ မှုများကြောင့် ယခုအခါ မဟာဝိဇ္ဇာဘွဲ့ ၁၁၁ ဦး၊ မဟာသိပ္ပံဘွဲ့ ၂၁၆ ဦး၊ Ph.D ဘွဲ့ ၃၂ ဦး၊ B.E ဘွဲ့ ၆၂၅ ဦး၊ M.E ဘွဲ့ ၃၄ ဦး၊ B.Tech ဘွဲ့ ၂၀၇ ဦး ရရှိပြီး ဆက်လက်လေ့လာသင်ယူဆဲ ကျောင်းသား ကျောင်းသူများလည်းရှိနေကြောင်း။
သင်တန်းဆင်း မောင်တို့မယ်တို့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများအဖြစ် နယ်စပ်ဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်ကြရာ၌ မူလလုပ်ငန်းတာဝန်များအပြင် ဒေသခံတိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ရိုးရာ၊ ဓလေ့ထုံးစံအမွေအနှစ်များကို လေးစားလိုက်နာကာ အစဉ်မြတ်နိုးစွာဖြင့် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားကြရန်၊ နိုင်ငံတော်နှင့် ပြည်သူတို့၏ အားကိုးအားထားပြုရမည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေး အမြဲနှလုံးသွင်း ကြိုးစားကျင့်ကြံဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
အလုပ်ခန့်အပ်လွှာများ ပေးအပ်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အင်ဂျင်နီယာဘာသာရပ်ထူးချွန်ဆုရရှိသူ ကျောင်းသား ကျောင်းသူများအား ထူးချွန်ဆုပေးအပ်ချီးမြှင့်ပြီး ဝန်ကြီးဌာနခြောက်ခုတို့မှ ကိုယ်စားလှယ်များက သင်တန်းဆင်း ကျောင်းသား ကျောင်းသူ ၉၃ ဦးတို့အား အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ဧည့်သည်တော်များ၊ ဆရာ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ခင်မင်ရင်းနှီးစွာ နှတ်ဆက်ကြပြီး ထူးချွန်ဆုရ ကျောင်းသားနှင့် ၎င်း၏ မိဘများအား တွေ့ဆုံဂုဏ်ပြုအားပေးစကားပြောကြားကာ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒီဂရီကောလိပ်အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ/ ဌာနမှူးများနှင့်တွေ့ဆုံ၍ ကျောင်းအုပ်ကြီးက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်ခွင့်ပြုငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာများတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒီဂရီကောလိပ်အတွင်းရှိ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်များ၊ စားရိပ်သာများ၊ လေးထပ်အင်ဂျင်နီယာအလုပ်ရုံတွင် ကျောင်းသား ကျောင်းသူများ၏ လက်တွေ့ဆောင်ရွက်နေမှုများ၊ ငါးခူမွေးမြူရေး ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် အားကစားကွင်း အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် သင်တန်းဆင်း ကျောင်းသား ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
သတင်းစဉ်