Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆက်သွယ်ရေးအခြေခံအဆောက်အအုံများ၊ ဆက်သွယ်ရေးလုပ်ငန်းများနှင့် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန် မေ ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဒုတိယဝန်ကြီးဦးလူမွန်နှင့်အတူ ပဲခူးတိုင်းဒေသကြီးပဲခူးမြို့နှင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့အတွင်းရှိ ဆက်သွယ်ရေးအခြေခံအဆောက်အအုံများနှင့် ဆက်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာ့သင်္ဘောကျင်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေး

မေ ၂၄ ရက် နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းဒေသကြီး မန်နေဂျာရုံးသို့ရောက်ရှိရာ တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်သွယ် ရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ရုံးနယ်မြေအတွင်းရှိ ဟံသာဝတီနန်းမြို့ရိုးဟောင်းနှင့် မလွတ်ကင်းသည့် ဌာနပိုင်အဆောက်အအုံနှင့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ထိုမှတစ်ဆင့် ပဲခူးအော်တိုအိတ်ချိန်းရုံးသို့ရောက်ရှိပြီး အော်တိုအိတ်ချိန်း၊ မိုဘိုင်းစခန်းနှင့် မိုက္ကရိုဝေ့ဗ်စခန်းများရှိ ဆက်သွယ်ရေးစက်ပစ္စည်းများ တပ်ဆင်ထားရှိမှုအခြေအနေနှင့် အဆိုပါ စခန်းများရှိ စက်ပစ္စည်းများရေလွှမ်းမိုးမှု သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်နေ သည့်အစီအမံများကို ကြည့်ရှုစစ်ဆေးပြီး ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ အစဉ်အမြဲကောင်းမွန်နေစေရေး၊ ဆက်သွယ်ရေးဆက်ကြောင်းများ ပြတ်တောက်မှုမရှိစေရေးနှင့် အရန်ဆက်ကြောင်းများ အရန်သင့်ဖြစ်နေစေရေးစသည့် အထူးအလေးထားဆောင်ရွက်ရန် ကိစ္စများကို မှာကြားသည်။

ယင်းနောက် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ မြန်မာ အမျိုးသားလေကြောင်းရုံးချုပ်သို့ ရောက်ရှိပြီး Board of Directors အဖွဲ့ဖြင့် တွေ့ဆုံ၍လေကြောင်းလိုင်း ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိရေး၊ ဝန်ဆောင်မှုကောင်းမွန်ရေး၊ ခြိုးခြံချွေတာရေးကို အလေးထားရန်၊ ထို့ပြင် မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် နိုင်ငံပိုင်အလံတင်လေကြောင်းလိုင်း (Flag Carrier Airline) ဖြစ်သဖြင့် ရေရှည်အောင်မြင်စွာဖြင့် ရပ်တည်နိုင်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။

နည်းလမ်းများရှာဖွေရန် မှာကြား

ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ နည်းပညာဌာနကြီး၊ ဟံသာဝတီရုံး၌ KDDI Sumi-tomo Corporation အဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။ ထို့နောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအောက်ရှိ တာဝန်ရှိသူများနှင့် ဆက်လက်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာမှ အသုံးပြုနေကြသည့် ခေတ်မီနည်းပညာများကိုလေ့လာ၍ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုတိုးတက်အောင်ဆောင်ရွက်ရန်၊ ယှဉ်ပြိုင်ဆောင်ရွက်နေရသည့် တယ်လီကွန်းဈေးကွက် အတွင်းသုံးစွဲသူများ၏ လိုအပ်ချက်နှင့်အညီ ဈေးကွက်ပိုမိုရရှိစေရန် ထိုးဖောက်ဆောင်ရွက်သွားရန်၊ ဝင်ငွေတိုးတက်ရရှိနိုင်မည့်နည်းလမ်းများကို ရှာဖွေကြံဆဆောင်ရွက်၍ အသုံးစရိတ်များ လျှော့ချသွားရန်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို သုံးစွဲခြင်းနည်းလမ်းအားဖြင့် စွမ်းအင်သုံးစွဲမှုကို နေရာဒေသအလိုက် ကုန်ကျစရိတ်သက်သာသည့် နည်းလမ်းများရှာဖွေ၍ ဆောင်ရွက်သွားရန်တို့ကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသို့ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူးက မြန်မာ့ သင်္ဘောကျင်းလုပ်ငန်း၏ ရေယာဉ်များတည်ဆောက်ခြင်း၊ ရေယာဉ်များပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ကမ်းရိုးတန်းသွား ကုန်သွယ်ရေယာဉ်တည်ဆောက်ခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စတို့နှင့်စပ်လျဉ်း၍တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆောလျင်စွာလုပ်ငန်းစတင်နိုင်ရေးနှင့် ဝန်ကြီး ဌာနရှိ ဆက်စပ်ဌာနအဖွဲ့အစည်းများမှလည်း မြန်မာ့သင်္ဘောကျင်း၏ လိုအပ်ချက်များအပေါ် ကူညီပံ့ပိုး ပေးရန် မှာကြားသည်။

သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြီးစီးအောင် မှာကြား

ထို့နောက် တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်း၌ ရေယာဉ်နှစ်စင်း လွန်းတင်ထားရှိမှု၊ လွန်းကျင်းအနီးရှိ ရေယာဉ်တည်ဆောက်နိုင်သည့် အမာခံလွင်ပြင်တွင် မြေပြုပြင်မှုအခြေအနေများနှင့် လွန်းတင်လွန်းချအလုပ်ရုံမှ ရေယာဉ်ပြုပြင်ခြင်းလုပ်ငန်းခွင်များကို ကြည့်ရှုစစ်ဆေးပြီး ဘဏ္ဍာငွေတိုးတက်ရှာဖွေရေး အလေးထားဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်