Skip to main content

မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ တရုတ်- အာဆီယံ ၁၀ နိုင်ငံအစည်းအဝေးသို့ တက်ရောက်ဆွေး​နွေး

နန်နင်း ​​မေ ၂၅

မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးဆန်းဦး (မင်းလပြည့်-ဟားခါး) တို့သည် မေ ၂၄ ရက် နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့ ကွမ်းရှီးမင်ဇူးတက္ကသိုလ်တွင် စတင်ကျင်းပသည့် တရုတ်-အာဆီယံ ၁၀ နိုင်ငံလူငယ်စာပေဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ တရုတ်နိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌအပါအဝင် မြန်မာ၊ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ လာအိုနိုင်ငံတို့မှ စာရေးဆရာအသင်းဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်စာရေးဆရာများတက်ရောက်ပြီး မိမိတို့နိုင်ငံ လူငယ်စာပေဖွံ့ဖြိုးရေးဆိုင်ရာအခြေအနေများကို အလှည့်ကျဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌက မိမိတို့နိုင်ငံတွင် နိုင်ငံတော်အစိုးရကိုယ်တိုင်ဦးဆောင်၍ လူငယ်စာပေပွဲ​တော်များ၊ စာဖတ်ရှိန်မြှင့်တင်​ရေးလုပ်ငန်းများ၊ လူငယ်စာပေအကျိုးပြု လူငယ်စာပေများကို အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆုများချီးမြှင့်လျက်ရှိကြောင်းနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူငယ်များအကျင့်စာရိတ္တကောင်းမွန်ရေး၊ ငယ်စဉ်ကလေးဘဝမှ စ၍မိမိတို့နိုင်ငံကိုချစ်မြတ်နိုးစိတ် မြင့်မားလာစေရေးတို့အတွက် သက်ဆိုင်ရာနိုင်ငံများအလိုက် စာရေးဆရာများ၏အခန်းကဏ္ဍလွန်စွာအရေးကြီးကြောင်းတို့ကို ဆွေးနွေးပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ တရုတ်နှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် ၄၆ ဦး တက်ရောက်ကြကြောင်းနှင့် အစည်းအဝေးကိုရသစာပေမျှဝေခံစားရေး၊ အခြားလေ့လာရေးခရီးစဉ်များနှင့်တွဲဖက်ကာ မေ ၃၀ ရက် အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်