Skip to main content

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် တိပိဋက ပါဠိ-မြန်မာ အဘိဓာန်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်း တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် မေ ၂၅

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်က ဆောင်ရွက်လျက်ရှိသည့် တိပိဋကပါဠိ-မြန်မာအဘိဓာန်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်း တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။

ရှင်းလင်းတင်ပြ

အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ပါမောက္ခချုပ် ဆရာတော်အဂ္ဂမဟာပဏ္ဍိတမဟာ ဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက အဖွင့်ဩဝါဒကထာ မိန့်ကြားတော်မူပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် ဒုတိယပါမောက္ခချုပ် (စီမံ) ဦးဇော်ဇော်ဦးက တိပိဋက ပါဠိ-မြန်မာ အဘိဓာန်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်းတိုးတက်မှုအခြေအနေများကို ရှင်းလင်းတင်ပြလျှောက်ထားပြီး အစည်းအဝေးတက်ရောက်လာကြသည့် ဒုတိယပါမောက္ခချုပ် (သင်ကြား) ဆရာတော်အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ နောဓိဉာဏနှင့် ဌာနကြီးမှူး၊ ပါမောက္ခဆရာတော်များက ညှိနှိုင်းဆွေနွေးကြသည်။

ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ ဖြည့်စွက်ဆွေးနွေးလျှောက်ထား၍ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက နိဂုံးချုပ်ဩဝါဒကထာ မိန့်ကြားတော်မူပြီး အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီမှ သင်ကြားဆရာတော်၊ သီလရှင်များအား နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် AYAR HINTHAR CONSTRUCTION CO., LTD က ဆောက်လုပ် လှူဒါန်းသည့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင် (၂၀၄ ပေ x ၁၅၄ ပေ) (BASEMENT + 4 Stories Rcc Building) တည်ဆောက်လျက်ရှိသည့် လုပ်ငန်းခွင်သို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက အဆောက်အအုံများ ဆောက်လုပ်ရာတွင် ငလျင်ရစ်(ချ်)တာစကေး (၈.၀) အထိခံနိုင်ရည်ရှိအောင် ဆောက်လုပ်သွားရန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော SOP (Standard Operating Procedure) စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ဆောက်လုပ်ကြရန်မှာကြားကာ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်လျက်ရှိသည့်အခြေအနေများနှင့် Mother Construction Co., Ltd. က တာဝန်ယူဆောက်လုပ်ပြီးစီးခဲ့သည့် သင်တန်းသားအိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်