နေပြည်တော် မေ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တင်ပြဆွေးနွေး
ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး (ကျိုင်းတုံ) ဦးဇော်လွင်ဦးက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသအတွင်း လူဦးရေစာရင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ နွေစပါးနှင့် မိုးစပါးသီးနှံအား ပန်းတိုင် အထွက်နှုန်းအတိုင်း ရရှိရေးဆောင်ရွက်လျက်ရှိမှု၊ တောင်သူများထံသို့ မျိုးစေ့ချကိရိယာများနှင့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့မှု၊ ဒေသတွင်း ဆီဖူလုံမှုနှင့် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ပဲပုပ်သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊ စားဖိုဆောင်သီးနှံများအား စိုက်ပျိုးထုတ်လုပ်လျက်ရှိမှုနှင့် အခြားသီးနှံများဖြစ်သည့် ပြောင်း၊ ကော်ဖီ၊ လက်ဖက်၊ ရော်ဘာအား စိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်မှု၊ ကုန်းမြင့်လယ်ယာ မြေများဖော်ထုတ်ပေးလျက်ရှိမှု၊ အရိပ်ရလေကာပင်များ စိုက်ပျိုးလျက်ရှိမှု၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု၊ တိရစ္ဆာန်အစာထုတ်လုပ်ခြင်းများ ဆောင်ရွက်၍ ဒေသတွင်း ဖြန့်ဖြူးထုတ်လုပ်ရောင်းချပေးလျက်ရှိမှု၊ MSME လုပ်ငန်းများ တိုးတက်ရေးအတွက် ချေးငွေများထုတ်ပေးထားရှိမှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေမှ ထုတ်ချေးပေးထားမှု၊ ဒေသတွင်း တရားမဝင်ကုန်သွယ်မှုများ ဖော်ထုတ်ဖမ်းဆီးရရှိခဲ့မှု၊ ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းများမှ ဝင်ငွေရရှိမှု၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်လျက်ရှိမှုနှင့် တိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု၊ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများ ဆောင်ရွက်လျက်ရှိမှု၊ ၂၀၂၄ ခုနှစ်အတွင်း တက္ကသိုလ်ဝင်တန်းများဖြေဆိုအောင်မြင်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ တက္ကသိုလ်ကောလိပ်များ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ဒေသတွင်း အားကစားကဏ္ဍ တိုးတက်စေရေး အားကစားအမျိုးအစားအလိုက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိမှု၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ကျိုင်းတုံ-လွယ်မွေလမ်း ချောမွေ့ကောင်းမွန်စေရေး ပြုပြင်ဆောင်ရွက်ပြီးစီးမှုတို့နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ကျိုင်းတုံမြို့တွင် နေထိုင်သူလူဦးရေ များပြားလာခြင်းနှင့်အတူ ပြည်သူများကျန်းမာရေး စောင့်ရှောက်မှုအတွက် ကျိုင်းတုံမြို့ရှိ ခုတင်-၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအား ခုတင် -၃၀၀ ဆံ့ ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ လွယ်မွေမြို့ရှိ တိုက်နယ်ဆေးရုံအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ လွယ်မွေရေကန် သန့်ရှင်းမှု ရှိစေရေးနှင့် ကျွဲနွားများ ဝင်ရောက်မှုမရှိစေရေးအတွက် ခြံစည်းရိုး ကာရံပေးစေလိုမှုတို့နှင့်ပတ်သက်၍ တင်ပြကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်နှင့် ခရိုင်အဆင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြပြီး လုပ်ငန်းလိုအပ်ချက်များကို တင်ပြကြသည်။
မြို့မိမြို့ဖများ၏တင်ပြချက်များနှင့် ဝန်ကြီးဌာနအလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုအပေါ် ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ရှင်းလင်းပြောကြား
ယင်းနောက် မြို့မိမြို့ဖများ၏ တင်ပြချက်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များကို ပြန်လည်ရှင်းလင်းပြောကြားရာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မြေအသုံးချမှု ဆိုင်ရာကိစ္စရပ်များ၊ မြေများအား အကြောင်းအမျိုးမျိုးဖြင့် အသုံးချရာတွင် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုအပ်မှု၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ခွင့်ပြုထားသည့် သတ်မှတ်ချက်များနှင့်အညီသာ ဆောင်ရွက်ရန်လိုအပ်မှု၊ မြေအသုံးချမှုနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်မည်ဆိုပါက နိုင်ငံအကျိုး၊ ဒေသအကျိုးအတွက် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုးမြေများအား အခြားနည်းဖြင့်အသုံးပြုမည်ဆိုပါက လယ်ယာမြေဥပဒေနှင့်အညီသာ ဆောင်ရွက် ရန်လိုအပ်မှုတို့ကိုလည်းကောင်း၊ သစ်တောသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံအတွင်း သစ်တောဧရိယာဖုံးလွှမ်းမှု၊ ဝါးသယံဇာတများပြားစွာရှိသည့်နိုင်ငံတစ်ခုဖြစ်ပြီး ယခုနောက်ပိုင်းတွင် ဝါးထုတ်လုပ်မှုအနေဖြင့် ကျဆင်းလာလျက်ရှိသည်ကို တွေ့ရှိရမှု၊ ရှမ်းပြည်နယ်အတွင်း ဝါးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံနှင့် ဒေသတွင်းအတွက် အကျိုးများစွာ ဖြစ်ပေါ်စေနိုင်မှု၊ နှစ်အလိုက် သစ်တောဖုံးလွှမ်းမှုဧရိယာများ ပြုန်းတီးပျက်စီးလျက်ရှိမှုနှင့် သဘာဝသစ်တောသစ်ပင်များကို ထိန်းသိမ်းဆောင်ရွက်မည်ဆိုပါက ရာသီဥတု မျှတကောင်းမွန်မှု၊ စိမ်းလန်းစိုပြည်မှုနှင့် အခြားအကျိုးရလဒ်များကို ယင်းဒေသကပင် ခံစားရမည်ဖြစ်သဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုအပ်မှု၊ နယ်စပ်ဖြတ်ကျော် မြူခိုးထိန်းချုပ်ရေးနှင့်ပတ်သက် ၍ မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ယခင်နှစ်များထက် လျော့ကျလာသည်ကို တွေ့ရှိရမှု၊ တောင်ယာမီးရှို့ခြင်းနှင့် တောမီးရှို့ခြင်းများမရှိစေရေး အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်မှုတို့ကိုလည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသအတွင်း အခြေခံကျောင်းများဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိမှု၊ ကောလိပ်နှင့် တက္ကသိုလ်များ ဖွင့်လှစ်သင်ကြားလျက်ရှိမှု၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ ဖွင့်လှစ်ပေးထားမှုနှင့် အဆိုပါကျောင်းများ၌ ကျောင်းသားများ တက်ရောက်ကြစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုမှု၊ ကျောင်းများ၌ သောက်သုံးရေများ လုံလောက်စွာရရှိရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိမှု၊ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ လာရောက်အပ်နှံလျက်ရှိမှုနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်စေရေး မိဘပြည်သူများနှင့် ဌာနဆိုင်ရာများအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုမှုတို့ကိုလည်းကောင်း ပြန်လည်ရှင်းလင်းပြောကြားကြသည်။
တင်ပြချက်များအပေါ် တွေ့ရှိချက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးမှာကြား
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ကျိုင်းတုံဒေသသို့ ရောက်ရှိသည့်အချိန်တိုင်း၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ပြည်နယ်၊ ခရိုင်အဆင့်တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများကို တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံစဉ် ပြောဆိုမှာကြားမှုများအနက် သိသင့်သိထိုက်သည်များကို မြို့နယ်အဆင့်အထိ ပျံ့နှံ့အောင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ မိမိအနေဖြင့် ဒေသများအလိုက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျိုင်းတုံမြို့ရှိ ခုတင်-၂၀၀ ဆံ့ ဆေးရုံကြီးအား ခုတင် - ၃၀၀ ဆံ့ ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ရန်အတွက် ကျွမ်းကျင်မှုရှိသည့် ဆရာဝန်ကြီးများလည်း လိုအပ်ကြောင်း၊ ကျိုင်းတုံမြို့ ဆေးရုံ ကြီးအား အဆင့်မြှင့်တင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လွယ်မွေဆေးရုံ အဆင့်မြှင့်တင်လိုခြင်းနှင့်ပတ်သက်၍ ကျိုင်းတုံ-လွယ်မွေဆက်သွယ်ရေးလမ်းကြောင်းကို အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့ကြောင့် သွားလာမှုအဆင်ပြေမှုရှိသည့်အတွက် လွယ်မွေဆေးရုံ၌ တက်ရောက်ကုသသူဦးရေ နည်းပါးမှုနှင့် ဆရာဝန်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်မှုအခြေအနေများအရ လွယ်မွေဆေးရုံအား အဆင့်မြှင့်တင်ရန် ပြန်လည်သုံးသပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ဒေသတစ်ခုချင်းစီမှစ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကို မဖြစ်မနေ မြှင့်တင်အားပေးရမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသအတွင်း ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့၌ တိုးတက်မှုရှိစေရေး နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသတစ်ခုချင်းစီမှစ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတွင် ပညာတတ်များပေါများ ကြွယ်ဝရန်မဖြစ်မနေလိုအပ်ကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ကျောင်းနေရာခိုင်နှုန်း နည်းပါးပြီး တန်းစဉ်ကူးပြောင်းမှုများလည်း နည်းပါးသည်ကို တွေ့ရကြောင်း၊ တန်းစဉ်ကူးပြောင်းမှုနည်းပါးရခြင်းမှာ ဘာသာစကားအခက်အခဲ၊ မိဘများ၏ စီးပွားရေးအခက်အခဲများကြောင့် ဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနိုင်မည့် ပညာတတ်လူသားအရင်းအမြစ်များ ပေါများကြွယ်ဝရန်လိုပြီး ဒေသတွင်းမှ ထွက်ပေါ်လာသည့် ပညာတတ်လူသားအရင်းအမြစ်များအနေဖြင့် ဒေသ၏ လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ် ရေး၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာများတွင် ဖွံ့ဖြိုးတိုးတက်မှုရှိအောင် ဖော်ဆောင်ပေးနိုင်ရမည်၊ လုပ်ဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ မိမိတာဝန်ယူဆောင်ရွက်ချိန်တွင် တိုင်းရင်းသားဒီဂရီကောလိပ်တွင် တက်ရောက်အောင်မြင်သူများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြန်လည်နေရာ ချထားပေးနိုင်ရေး မူဝါဒချမှတ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြည်နယ်များ၌ ပညာရေးဝန်ထမ်းများ အားနည်းချက်များရှိသဖြင့် ၎င်းတို့နှင့်နီးစပ်သည့်နေရာဒေသများအလိုက် နေရာချထားရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မိမိတို့ နိုင်ငံတော်တာဝန်ထမ်းဆောင်နေချိန်၌ ဆရာ၊ ဆရာမများအတွက် ရရှိသည့် ဘွဲ့လွန်နှင့် ဒီဂရီတို့ကို မူတည်၍ ချီးမြှင့်ခြင်းများကို ဆောင်ရွက်ပေးထားကြောင်း၊ နယ်စပ်ဒေသများ၌ ကျောင်းနေအရွယ် ကလေးများသည် မူလတန်းအဆင့်အထိသာ ကျောင်းတက်ရောက်ပြီး ကျောင်းထွက်သွားမှုများ များပြားကြောင်း၊ မိမိတို့အနေဖြင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးပညာရေးကို အလေးပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများ၌ ပညာသင်ကြားကြစဉ် ဆရာ၊ ဆရာမများ သင်ကြားပေးလိုက်သည့် သင်ခန်းစာများ၌ ကျောင်းစာများသာမက စည်းကမ်းများလည်းပါဝင်ကြောင်း၊ ကလေးငယ်များအနေဖြင့် အမျိုးသားစည်းကမ်းနှင့်ပတ်သက်၍ အလေ့အကျင့်ကောင်းများရရှိအောင် စာသင်ကျောင်းများမှ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုဖြစ်ပေါ်စေရေးအတွက် ပညာတတ်များ ပေါကြွယ်ဝအောင် ဆောင်ရွက်ပေးကြရမည်ဖြစ်သကဲ့သို့ သင်ကြားပေးသည့် ဆရာ၊ ဆရာမများသည်လည်း အရည်အချင်းပြည့်ဝ ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပညာတတ် လူသားအရင်းအမြစ်များ မွေးထုတ်နိုင်မည်ဆိုပါက အဆင့်မြင့်တာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်ပြီး ဒေသ၏အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် တာဝန်ရှိသူများ၊ ပညာရှင်များ နှင့်တိုင်ပင်၍ သက်ဆိုင်ရာပညာရပ်များအလိုက် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် Polytechnic နည်းပညာများကို သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ ကွန်ပျူတာနှင့် နည်းပညာကို ပေါင်းစပ်ထားသည့် Polytechnic University များကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှုရှိခဲ့ကြောင်း၊ ထို့ပြင် တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့ပြီး အောင်မြင်မှုမရှိခဲ့သူများ တက်ရောက်နိုင်ရေး Polytechnic Institute ကိုလည်း ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပထမနှစ်တက်ရောက်အောင်မြင်ပြီးပါက အသိအမှတ်ပြုလက်မှတ် Certificate ရရှိမည်ဖြစ်ကာ နောက်ထပ် ၂ နှစ် တက်ရောက်အောင်မြင်ပြီးပါက ဒီပလိုမာဘွဲ့ရရှိမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် Polytechnic University သို့ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ အခြေခံပညာအလယ်တန်းအဆင့်ပြီးမြောက်သူများ တက်ရောက်နိုင်သည့် စက်မှု၊ စိုက်ပျိုးရေးနှင့် နည်းပညာအထက်တန်း ကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ Polytechnic နည်းပညာများကို သင်ကြားခြင်းဖြင့် ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်နိုင်မည်ဖြစ်သကဲ့သို့ စိုက်ပျိုးမွေးမြူရေးနယ်ပယ်နှင့် စက်မှုနယ်ပယ်တို့တွင် ကျွမ်းကျင်သူများ ပိုမိုပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ ပညာရေးမြှင့်တင်မှုနှင့်ပတ်သက်၍ လုပ်ငန်းများကို အောင်မြင်အောင် အားလုံးက ဝိုင်းဝန်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း။
ဒေသ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အမှန်တကယ်အလုပ်လုပ်ကြရန်လို
စိုက်ပျိုးရေးနှင့်ပတ်သက်၍လည်း မျိုး၊ မြေ၊ ရေ၊ နည်းစသည့်နည်းလမ်းလေးသွယ်ကို ပြည့်စုံအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို Grade – 10, Grade-11 နှင့် Grade -12 တို့တွင် အခြေခံထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း၊ ရှမ်းပြည် နယ်(အရှေ့ပိုင်း)ဒေသတွင်း အခြေခံစားကုန်များ ကုန်ဈေးနှုန်းကျဆင်းအောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထို့သို့ ကုန်ဈေးနှုန်းများကျဆင်းရန်အတွက် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ထုတ်လုပ်နိုင်ရေး အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျိုင်းတုံဒေသအတွင်း နွေစပါး၊ မိုးစပါးများကို ဒေသတွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်လိုပြီး Eating Quality ကောင်းမွန်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ စပါးစိုက်ပျိုးမှုများမှာ ပန်းတိုင်ရည်မှန်းချက်အတိုင်း ပြည့်မီပါက ဒေသတွင်းစားရေးဖူလုံသည်သာမက ပိုလျှံလာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်ခန့် တိုးတက်လာမည်ကို တွက်ချက်မှုများအရ တွေ့ရှိရကြောင်း၊ အလားတူ သီးထပ်စွမ်းအားများ ရာနှုန်းပြည့် ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါကလည်း အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံခန့် ဝင်ငွေပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်း စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများ ရရှိအောင်ဆောင်ရွက်၍ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်မည်ဆိုပါက ဒေသဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာ နိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်း အောင်မြင်ဖြစ်ထွန်းသည့် စိုက်ပျိုးသီးနှံများကို ခေတ်မီနည်းစနစ်များ အသုံးပြုစိုက်ပျိုး၍ ဈေးကွက်ဝင်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
ဒေသတွင်းပေါကြွယ်ဝသည့် ဝါးသယံဇာတများကို အကျိုးရှိစွာ အသုံးချ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်
ထို့ပြင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသ၌ ဝါးသယံဇာတများစွာရှိသည့်အတွက် ဝါးနှင့်ပတ်သက်သည့်ထုတ်ကုန်များကို ထုတ်လုပ်၍ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့်- ဝါးပျော့ဖတ်ထုတ်ကုန်များ၊ ဝါးဖြင့်ပြုလုပ်ထားသည့် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ အလားတူ ကြိမ်နှင့်ပတ်သက်သည့် ထုတ်ကုန်များနှင့် ဒေသတွင်း အောင်မြင်ဖြစ်ထွန်းသည့် စိုက်ပျိုးရေး ထုတ်ကုန်များကို ပိုမိုတိုးမြှင့်ထုတ်လုပ်၍ အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြင့်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကျိုင်းတုံဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူဖြစ်စေရေးအတွက်လည်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်လေဆိပ်များကို အဆင့်မြှင့်တင်ခြင်းနှင့် လမ်းပန်းဆက်သွယ်မှုများ အဆင်ပြေချောမွေ့အောင် နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း။
တိုင်းပြည်တစ်ခုတိုးတက်ရေးအတွက် GDP သည် အရေးကြီးပြီး နိုင်ငံ၏ GDP သည် အိမ်နီးချင်း နိုင်ငံများထက် လျော့နည်းလျက်ရှိသဖြင့် မိမိတို့အနေဖြင့် ယခုထက် ပိုမိုကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကျိုင်းတုံဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဒေသတွင်းနေထိုင်ကြသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအားလုံးက ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အရေးကြီးသည်မှာ ဒေသတွင်းနေထိုင်သူများက အမှန်တကယ်အလုပ်လုပ်ကြရန် ဖြစ်ကြောင်း။
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားရရှိရေးသည် မဖြစ်မနေလိုအပ်မည်ဖြစ်ကြောင်း၊ ကျိုင်းတုံဒေသ၌ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည့် အခြေအနေကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဆိုပါကလည်း နိုင်ငံတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ဒေသခံများအားလုံး တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းကြမည်ဆိုပါက ဒေသအလိုက် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်