Skip to main content

ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ ကျင်းပမည်

နေပြည်တော် မေ ၂၂

ပြန်ကြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ကြီးမှူး၍ မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က စီစဉ်ကျင်းပသော “ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း” (Forum on Rebuilding Myanmar: Post-Earthquake Economic Recovery) သုံးသပ်ဆွေးနွေးပွဲကို မေ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။

သုံးသပ်ဆွေးနွေးပွဲတွင် “မန္တလေးငလျင်ကြီး၏ စီးပွားရေးအပေါ်ရိုက်ခတ်မှုများ” ၊ “စီးပွားရေးပြန်လည်ထူထောင်ရာတွင် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ”၊ “စီးပွားရေးပြန်လည်ကုစားခြင်းအတွက် စုပေါင်းအဖြေရှာခြင်း” စသည့်ခေါင်းစဉ်သုံးခုကို ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ၊ UMFCCI ညီနောင် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ပြည်တွင်းရှိ MSME လုပ်ငန်းရှင်များနှင့် စီးပွားရေးနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ စီးပွားရေးကျွမ်းကျင်ပညာရှင်များနှင့် လေ့လာသုံးသပ်သူများ (Observer)လည်း ပါဝင်တက်ရောက်သွားမည်ဖြစ်သည်။

သုံးသပ်ဆွေးနွေးပွဲကို မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသော စီးပွားရေးလုပ်ငန်းများပြန်လည်ထူထောင်အားကောင်းလာစေရန်၊ ငလျင်ဘေးအလွန်ကာလတွင် ဖြစ်ပေါ်လာမည့် ပြည်တွင်း/ ပြည်ပဈေးကွက်စီးပွားရေးအသစ်များ၊ နိုင်ငံ့စီးပွားရေးပိုမိုကောင်းမွန်စေမည့် အခွင့်အလမ်းများနှင့်ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများအား သိရှိနိုင်စေရန်နှင့် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အခင်းအကျင်းနှင့် ပထဝီစီးပွားရေးအခွင့်အလမ်းများကို သိရှိအသုံးချပြီး ပြည်တွင်းမှ ထုတ်ကုန်ပစ္စည်းများအား ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအချင်းချင်း ပေါင်းစည်းမြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

“ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း” သုံးသပ်ဆွေးနွေးပွဲကျင်းပနေမှုကို MOI Website အပါအဝင် Myanmar Narrative Facebook Page ၊ MRTV Facebook Page တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

သုံးသပ်ဆွေးနွေးပွဲတက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် https://myanmarnarrative.org/ ၏ Registration Form မှတစ်ဆင့် အမည်စာရင်းပေးသွင်းနိုင်ပြီး အစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သုတေသနနှင့်သတင်းအချက်အလက်ဌာနခွဲ၊ ဖုန်း ၀၆၇ - ၃၄၁၂၂၄၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

သတင်းစဉ်