နေပြည်တော် မေ ၂၂
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ရှိ သာသနိကအဆောက်အအုံနေရာများ၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အပျက်အစီးများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများနှင့် စေတနာရှင်ကုမ္ပဏီများမှ ပူးပေါင်း၍ စုပေါင်းလုပ်အားပေးရှင်းလင်းဖယ်ရှားနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်အတွင်း ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းမိသားစုများ မိုးမကျမီ အမြန်ဆုံးပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက် Modular House ဆောက်လုပ်နေမှုအခြေအနေများနှင့် စစ်ကိုင်းမြို့အတွင်းရှိ အန္တရာယ်ရှိလူနေအဆောက်အအုံများကို မိုးမကျမီ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် စက်ယန္တရားအင်အားများတိုးချဲ့၍ အရှိန်အဟုန်မြှင့်တင်ဖယ်ရှားရှင်းလင်းနေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်သည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးသို့သွားရောက်၍ ပန်း၊ ရေချမ်းကပ်လှူပူဇော်ပြီး ကန္ဓကုဋိတိုက် ပြန်လည်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းနှင့် ကျောင်းတော်ကြီးအား ပြုပြင်ဆောင်ရွက်နေမှုအားလည်းကောင်း၊ စိန်ဖူးတော်အသစ်ပြုလုပ်နေမှုအခြေအနေများအားလည်းကောင်း၊ ယာယီအပူဇော်ခံထားရှိသော ထီးတော်ကြီးစိန်ဖူးတော်အဟောင်းနှင့် ဘုရားကြီးမျက်နှာသစ်ရာတွင် အသုံးပြုသော ရတနာပစ္စည်းများ စနစ်တကျထိန်းသိမ်းထားရှိမှုအားလည်းကောင်း သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။
၎င်းနောက် မန္တလေးတက္ကသိုလ်သို့သွားရောက်၍ ပင်မဆောင်အပေါ်ထပ်ရှိငလျင်ဒဏ်ကြောင့် မီးလောင်ပြိုကျပျက်ဆီးခဲ့သော အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှုများ၊ တက္ကသိုလ်စာကြည့်တိုက်တွင် အပျက်အစီးများ ရှင်းလင်းဆောင်ရွက်ထားရှိမှုတို့အား လည်းကောင်း၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa နေရာသို့သွားရောက်၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ပစ္စည်းလက်ခံ/ထုတ်ပေးရေးအဖွဲ့ ယာယီရုံးတွင် ရှာဖွေတွေ့ရှိသော ပစ္စည်းများအား သက်ဆိုင်ရာပိုင်ရှင်အသီးသီးထံ စနစ်တကျလွှဲပြောင်းထားရှိမှုနှင့် ထပ်မံရှာဖွေတွေ့ရှိသောငွေနှင့်ပစ္စည်းများအား စနစ်တကျထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းဘေးဝဲ/ယာရှိ အန္တရာယ်ရှိ အဆောက်အဦများ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများနှင့် အမရပူရမြို့နယ်ရှိ သမိုင်းဝင်အောင်မြေရွှေကြက်ကျ ဆုတောင်းပြည့်မြတ်စွာဘုရားကြီး ထီးတော်ပြန်လည်ပြုပြင်ရန်အတွက်ပြင်ဆင်ထားရှိမှုများနှင့် ရွှေကူကြီးမြတ်စွာဘုရားအတွင်းရှိ ကျောင်းတိုက်များအား စက်ယန္တရားကြီးများအသုံးပြု၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုများကိုလည်းကောင်း ချမ်းမြသာစည်မြို့နယ်ရှိ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော “အောင်” အီလက်ထရောနစ် ပစ္စည်းရောင်းဝယ်ရေးဆိုင်အား စက်ယန္တရားကြီးများဖြင့် ဖြိုဖျက်နေမှုအားလည်းကောင်း၊ အောင်မြေသာစံမြို့နယ်အတွင်းရှိကျုံး အနောက်စည်ရှည်တံခါးအားသွားရောက်၍ လုပ်ငန်းပြီးစီးမှုအခြေအနေများအား လည်းကောင်းကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်သည် ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ ယာယီ(၃)ခန်းတွဲ လိုင်းခန်းများတည်ဆောက်နေမှုအခြေအနေများနှင့် ကျောက်ဆည်ခရိုင်စုပေါင်းရုံးအတွင်း၊ ယာယီရုံးခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် Modular Container House များ တည်ဆောက်နေမှုအခြေအနေများ၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများနှင့် လူနေအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေများနှင့် စဉ့်ကိုင်မြို့နယ်ရှိ Power Gen Kyaukse Campany Limited သဘာဝဓာတ်ငွေ့အင်ဂျင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် စက်များပြန်လည်လည်ပတ်လျက်ရှိပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။