နေပြည်တော် မေ ၂၁
ပြည်ထောင်စုနယ်မြေ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ ငလျင်ဘေးကြောင့်ပြိုကျခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ငလျင်ဘေးဖြစ်ပွားမှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် ၁၅၇ လုံးအတွက် ထောက်ပံ့ငွေ၊ စားသောက်ဖွယ်ရာပစ္စည်းများနှင့် ကယ်ဆယ်ရေးပုံးများပေးအပ်၍ တာဝန်ရှိသူများက ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်နေမှုကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် တပ်ကုန်းမြို့ မြို့ရှေ့စန္ဒာရုံ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
စားသောက်ဖွယ်ရာများ ပေးအပ်
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ် မကျီးပင်အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများ စခန်းသွင်းလေ့ကျင့်သင်ကြားနေမှုနှင့် ကျောင်းအိပ်ကျောင်းစား ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသားကျောင်းသူများအားတွေ့ဆုံ၍ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ဆက်လက်၍ မေ ၁၈ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်ခဲ့သည့် မကျီးပင်ကျေးရွာအတွင်း ပြန်လည်ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တပ်ကုန်းမြို့မဈေးသို့ရောက်ရှိပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဈေးဆိုင်ခန်းများ ဖယ်ရှားရှင်းလင်းထားရှိမှုကိုလည်းကောင်း၊ တပ်ကုန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေးနှင့် ဗိုလ်မင်းရောင်ရပ်ကွက်အတွင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် တူးဖော်ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တပ်ကုန်းမြို့နယ် ကျားသေအိုင်ကျေးရွာရှိ သာသနာ့ဝေပုလ္လကျောင်းတိုက်သို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ငလျင်ဘေးကြောင့်ပျက်စီးခဲ့သည့် သိမ်ကျောင်းဆောင်နှင့် ဆွမ်းစားဆောင် ပြန်လည်ဆောက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ ပျဉ်းမနားမြို့စုပေါင်းရုံး၌ကျင်းပသည့် ငလျင်ဘေးကြောင့် ပြိုကျခဲ့သော နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားကာ ပျဉ်းမနားမြို့နယ်အတွင်းပြိုကျခဲ့သည့် လူနေအိမ် ၄၁၄ လုံးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှပေးအပ်သော လူနေအိမ်တစ်လုံးလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ငွေကျပ် ၄၁၄ သိန်းကို လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက စားသောက်ဖွယ်ရာများနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါဝင်သောပုံးများပေးအပ်ပြီး ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်နေမှုကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများအတွက် ထမင်းဘူးများလှူဒါန်းပေးသော မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုယ်စားလှယ်များအား ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနားတက်ရောက်၍ ဧပြီ ၁ ရက် မှ မေ ၂၁ ရက်အထိ နေပြည်တော်အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများအတွက် နေ့စဉ်ထမင်းဘူး ၁၀၀၀ ချက်ပြုတ်လှူဒါန်းခဲ့သည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စားလှယ်များအား ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
သတင်းစဉ်