မြစ်ကြီးနား မေ ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ယနေ့နံနက်ပိုင်းတွင်ရောက်ရှိပြီး မြစ်ကြီးနားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပပြုလုပ်နိုင်ရး Grade-12 ကျောင်းသား ကျောင်းသူများအား ဘာသာရပ်အလိုက် စခန်းသွင်းလေ့ကျင့်သင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပပြုလုပ်နိုင်ရေး မြို့ပေါ်အခြေခံပညာ အထက်တန်းကျောင်း ရှစ်ကျောင်းမှ Grade-12 ကျောင်းသား ကျောင်းသူ ၄၁၀ တို့အား အခြေခံပညာ ဆရာဆရာမများက ဘာသာရပ်အလိုက် ပြန်လည်သင်ကြားပို့ချနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ကျောင်းခန်းမ၌ စခန်းဝင် ကျောင်းသား ကျောင်းသူများအား နေ့လယ်စာ/ညစာ ကျွေးမွေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ခြောက်ကျောင်းမှ Grade-12 ကျောင်းသား ကျောင်းသူ ၄၂၁ ဦးတို့အား စခန်းသွင်း လေ့ကျင့် သင်ကြားပေးလျက်ရှိသော အခြေအနေများနှင့် နေ့လယ်စာကျွေးမွေး နိုင်ရေးပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး ကာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က Grade-12 ကျောင်းသား လူငယ်အားလုံး ပထမအကြိမ်ဖြေဆိုသည့်စာရင်းရှိအတိုင်း ပြန်လည်ဖြေဆိုနိုင်ရေး စီမံဆောင်ရွက်သွားကြရန်လိုကြောင်း တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ကျင်းပပြုလုပ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေါင်စန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရက ပြည်နယ်အစိုးရအဖွဲ့ထံ ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် ယာယီတဲအိမ်များနှင့် မိုးကာလိပ်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပေါင်စန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရထံမှ ပေးပို့လှူဒါန်းလာသော ယာယီတဲအိမ် (အဆောင်သေး) အစုံ ၁၀၀ နှင့် မိုးကာလိပ် ၃၁၂ လိပ်ကို ကိုယ်စားလှယ်အဖွဲ့ထံမှ လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ စက်မှုရပ်ကွက်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပထမနှစ် စက်ဝန်း၊ ဒုတိယနှစ် စက်ဝန်းမှ မတည် ရန်ပုံငွေကျပ်သိန်း ၂၀၀၀ ကျော်ဖြင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်ခဲ့သည့် “ဖြိုးဝေဝေ” စက္ကူနှင့် စာအုပ်ထုတ်လုပ် ရေးလုပ်ငန်းသို့ သွားရောက်ကြပြီး စက်ရုံအတွင်း နှစ်ဖက်ချော ကျောင်းသုံးဗလာ စာအုပ်များ၊ အကြမ်းစာအုပ်များ၊ တစ်ရှူးနှင့် ကတ်ထူစက္ကူများအား လည်ပတ်ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာမှ ယာယီတိမ်းရှောင်လာသော အိမ်ထောင်စုများအား ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် မန်ခိန်ရပ်ကွက် ကချင်ပြည်နယ် လွှတ်တော်ရုံးအနောက်ဘက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) ပိုင် မြေနေရာ၌ နေရာချထားပေးမှုအခြေအနေအား သွားရောက်ကြည့်ရှုအားပေးထောက်ပံ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အဆိုပါစခန်းအတွင်းရှိ အိမ်ထောင်စု ၅၀၊ လူဦးရေ ၂၈၁ ဦးတို့အတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ဆန် ၂၄ ပြည်ပါ ဆန်အိတ် ၅၀ နှင့် ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သည့် ဆီပိဿာ ၅၀၊ ရေသန့်ကတ် ၅၀၊ ခေါက်ဆွဲခြောက်ဖာ ၅၀၊ အသင့်စားဆန်ပြုတ်ထုပ် ၁၂ ဖာနှင့် အသားချောင်း ၁၀ ဖာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ စခန်းတာဝန်ခံက လိုအပ်ချက်များကိုတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ အဆိုပါမြေဧရိယာအတွင်း ချီဖွေခရိုင်မှ ဌာနဆိုင်ရာအရာထမ်း /အမှုထမ်းများအတွက် နေရာချထားပေးနိုင်ရေး ယာယီတဲအိမ်များ တည်ဆောက်ပေးလျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြကာ မိုးမကျမီ အမြန်ဆုံးဆောက်လုပ်ပြီးစီးရေးနှင့် ဝန်ထမ်းများအား စနစ်တကျ ရွှေ့ပြောင်းနေရာချထားပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)