Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး ကျည်တောင်-သာယာဝှမ်း တံတားနှင့် ယာယီဝန်ထမ်းအိမ်ရာများ တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် ဇေယျာသီရိမြို့နယ်သို့ သွားရောက်ပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့က တည်ဆောက်နေသော ကျည်တောင်-သာယာဝှမ်း၊ Beam သံကူကွန်ကရစ်တံတား ပေ ၅၅၀ ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက သတ်မှတ်အရည်အသွေးပြည့်ဝစွာဖြင့် အချိန်မီပြီးစီးရေးမှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပျဉ်းမနားမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြောက်လွှတ်ကုန်း၌ နှစ်ခန်းတွဲ အရာထမ်းအိမ်ရာ ငါးလုံးတည်ဆောက်နေမှု၊ ယန္တရားဝင်းအတွင်း ခြောက်ခန်းတွဲ နှစ်လုံးတည်ဆောက်ပြီးစီးမှုနှင့် ပစ္စည်းသိုလှောင်ရုံများ၌ အမှုထမ်းများအတွက် အခန်း ၄၈ ခန်း ဖွဲ့စည်းနေရာချထားမှု၊ ထမင်းဟင်းချက်ပြုတ်ရန်စီစဉ်ပေးထားမှု၊ သောက်သုံးရေသွယ်တန်းပေးထားမှုနှင့် ရှစ်ခန်းတွဲတည်ဆောက်ပေးထားသည့် သန့်စင်ခန်းများကို လိုက်လံကြည့်ရှုစစ်ဆေးကာ မေလတတိယပတ်အတွင်း လုပ်ငန်းများ အပြီးဆောင်ရွက်၍ ဝန်ထမ်းမိသားစုများကို စနစ်တကျနေရာချထားရေး၊ မိုးတွင်းကာလရေမဝပ်စေရေးနှင့် အမိုးအကာများ လုံခြုံမှုရှိစေရေးဂရုပြုဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းရုံးမြေနေရာ၌ ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေးလေးခန်းတွဲ အရာထမ်းအိမ်ရာ ရှစ်လုံးတည်ဆောက်နေရာချထားမှု၊ Prefabricated Modular House များ နေရာချထားမှု၊ ပတ်လမ်းဆောင်ရွက်နေမှုနှင့် ရေချိုးခန်း၊ သန့်စင်ခန်းများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ်သို့ သွားရောက်၍ Fabricated Modular House များ တည်ဆောက်နေရာချထားမှုကို ကြည့်ရှုစစ်ဆေးကာ ရေ၊ မီး၊ မိလ္လာစနစ်များ စနစ်တကျဖြစ်စေရေးမှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဝန်ကြီးဌာနပိုင်မြေနေရာ၌ ဝန်ကြီးရုံးသမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေးဘာရှာလိုင်းခန်းများ တည်ဆောက်နေရာချထားမှု ၊ Fabricated Modular House များ နေရာချထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေ၊ မီး၊ မိလ္လာစနစ်များ စနစ်တကျဖြစ်စေရေး၊ ဝန်ထမ်းများ အမြန်ဆုံးပြောင်းရွှေ့နေထိုင်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်