Skip to main content

ပြည်ထောင်စုနယ်မြေ (နေပြည်တော်) နှင့် မန္တလေးမြို့များအတွင်း ဈေးကားများဖြင့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော် မေ ၂၀

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့်ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ မတ် ၃၀ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး မေ ၂၀ ရက်တွင် ၅၀ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

မေ ၂၀ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန်ခြောက်ပြည်ပါ (မနောသုခ- Export Quality) အိတ် ၄၀၊ ဆန် ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း) အိတ် ၂၀၊ ဆီပိဿာ ၁၃၂၀၊ ဆား ၁၀ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါ အိတ် ၅၄ ထုပ်၊ ငါးပိ ၂ ပိဿာ ၆၀ ကျပ်သား၊ ငါးတံခွန် ၁၀ ကျပ်သား ပါ ၂၁ ထုပ်၊ ငါးပုတ်သင် ၁၀ ကျပ် သားပါ ၁၉ ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သားပါ ထုပ် ၂၀ ၊ အာပဲ့ခြောက် ၁၀ ကျပ်သားပါ ၁၄ ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သားပါ ၁၂ ထုပ်၊ ကြက်ဥအလုံး ၃၈၀၊ ဘဲဥ အလုံး ၅၀၊ ခေါက်ဆွဲခြောက် ၁၀ ထုပ်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။

ထို့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် မေ ၂၀ ရက်တွင် အမဲသား (အသား) ပိဿာ ၁၁၀၊ အမဲသား (အရိုးအသား) ပိဿာ ၂၀၀ တို့ကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ်အင်္ဂါ နေ့တိုင်းသက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ စသည့် ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ဈေးကားကြီး (အရောင်းယာဉ်) ဖြင့် မေ ၅ ရက်မှစ၍ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိသည်။

အလားတူ မေ ၂၀ ရက်တွင် မန္တလေးမြို့၌ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၈ အိတ်၊ စားအုန်းဆီ ပိဿာ ၂၂၀၀ ၊ ဆား ၁ ပိဿာ ၅၀ ကျပ်သား၊ ကုလားပဲ ၂၅ ကျပ်သားပါ လေးထုပ်၊ ငါးပိ ၂၅ ကျပ်သားပါနှစ်ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သားနှစ်ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သားလေးထုပ်၊ ကြက်ဥအလုံး ၂၇၁၀၊ ဘဲဥအလုံး ၅၀၀ နှင့် ခေါက်ဆွဲခြောက်ထုပ် ၄၀ တို့ကို သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးပြီး နေ့စဉ် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်