နေပြည်တော် မေ ၂၀
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးသန်းဝင်းတို့ ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ သင်တန်းကျောင်းအတွင်းရှိ လက်ခံစောင့်ရှောက် သင်ကြားပေးလျက်ရှိသော လူငယ်များ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာကျွေးမွေးမှုအခြေအနေ၊ သန့်ရှင်းသောသောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးနေမှု၊ အိပ်ဆောင်များ ထားရှိမှုအခြေအနေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိမှု၊ လူငယ်များအား စာရိတ္တပြုပြင်၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေရန် လေ့ကျင့်ပြုစုပေးခြင်းဖြင့် လူမှုပတ်ဝန်းကျင်တွင် ပြန်လည်ဝင်ဆံ့နိုင်အောင် ပြုစုပျိုးထောင်ပေးမှုအခြေအနေများနှင့် ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်းကျောင်းပညာသင်ကြားခွင့်၊ မိသားစုနှင့်ဆက်သွယ်ခွင့်၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းခွင့်နှင့် လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် စသည့်အခြေခံလူ့အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လူငယ်များ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်စာအုပ်စာပေများကို ကော်မရှင်မှလှူဒါန်းသည်။
အဆိုပါအဖွဲ့သည် ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်